မော်လ်တာနိုင်ငံ သတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရမှု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ထပ်မံစွဲချက်တင်

မော်လ်တာနိုင်ငံ သတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရမှု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ထပ်မံစွဲချက်တင်

မော်လ်တာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးသတင်းထောက်အမျိုးသမီး ဒဖနီ ကာရိုနာ ဂလီဇာ ကားဗုံးခွဲလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်းပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို ပူးပေါင်းကြံစည်မှုဖြင့် မော်လ်တာ အစိုးရ စုံစမ်းစစ်ဆေးရေးမှူးက စွဲချက်တင်ထားသည်။

မော်လ်တာအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်၊ ဓာတ်အားပေးကုမ္ပဏီ ဒါရိုက်တာဟောင်း ယိုဂန် ဖီနက်သည် အသက် ၅၃ နှစ်အရွယ် သတင်းထောက်အမျိုးသမီး နေအိမ်အနီး ကားဗုံးခွဲ လုပ်ကြံခံရမှုတွင် ပူးပေါင်းကြံစည်မှုအပြင်၊ ရာဇဝတ်မှု ကျူးလွန်မည့်အဖွဲ့ကို ဖွဲ့စည်းခြင်း၊ ငွေကြေးနှင့်ပစ္စည်း ထောက်ပံ့ခြင်း စွဲချက်များနှင့်လည်း ရင်ဆိုင်ရလျက်ရှိသည်။ ကားဗုံးခွဲရန် လက်တွေ့စီစဉ်မှုဖြင့် လူသုံးဦးကိုလည်း မော်လ်တာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

ဖီနက်က အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ ဖီနက်သည် လွန်ခဲ့သော ဆယ်ရက်က ကိုယ်ပိုင်ရွက်လှေဖြင့် နိုင်ငံမှ ထွက်သွားရန် ကြိုးပမ်းသဖြင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ရသည်။ သတင်းထောက်အမျိုးသမီး၏ မိသားစုက ဖီနက်သည် မော်လ်တာ ဝန်ကြီးချုပ် ဂျိုးဆက် မူကတ်နှင့် မဟာမိတ်ဖြစ်သလို၊ ယခုအမှုနှင့် ဆက်စပ်ပြီး မကြာသေးမီက နုတ်ထွက်လိုက်ရသော သမ္မတရုံး ဝန်ကြီးနှင့်လည်း နီးစပ်သူဖြစ်ကြောင်း စွပ်စွဲထားသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး သတင်းသမား ဒဖနီ ကာရိုနာ ဂလီဇာ လုပ်ကြံခံရမှုတွင် အစိုးရအဖွဲ့ဝင်အချို့ ပတ်သက်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ် မူကတ်နုတ်ထွက်ရေး ပြည်သူအများ ဖိအားပေး ဆန္ဒပြမှုများလည်း အရှိန်မြင့်လျက်ရှိသည်။ ဝန်ကြီးချုပ် မူကတ်သည် ၂၀၁၃ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။

သတင်းသမား ဒဖနီ လုပ်ကြံခံရမှုတွင် ဝန်ကြီးချုပ် မူကတ်နှင့် သမ္မတရုံးဝန်ကြီး ကိတ် ရှာဟမ်ဘရီတို့ကိုလည်း စုံစမ်းစစ်ဆေးရန် ပြည်သူအများက တောင်းဆိုလျက်ရှိသည်။ ရှာဟမ်ဘရီ နုတ်ထွက်ပြီးနောက် ခေါ်ယူစစ်ဆေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းကို ထိန်းသိမ်းထားရန် သက်သေအချက်အလက် မလုံလောက်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ဝန်ကြီးချုပ် မူကတ် အစိုးရအဖွဲ့၏ အခြားဝန်ကြီးနှစ်ဦးလည်း ယခုအမှုနှင့် စပ်လျဉ်းပြီး နုတ်ထွက်ထားကြပြီး ဖြစ်သည်။