မန်စီးတီးအသင်းနည်းပြ ဂွာဒီယို လာက ၎င်းတို့အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ဆက်လက်ကာကွယ်နိုင်ရန်အတွက် အလျှော့ပေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးသည် နိုဝင်ဘာ ၃ဝ ရက်က နယူးကာဆယ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးဆောင်ဂိုးများသွင်းနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရ၍ နှစ်ဂိုးစီ သရေကျခဲ့သည်။ မန်စီးတီးအတွက် ဦးဆောင် ဂိုးကို စတာလင်းက ပွဲချိန် ၂၂ မိနစ် တွင် သွင်းယူပေးခဲ့သည်။ နယူးကာ ဆယ်သည် ၂၅ မိနစ်တွင် ချေပဂိုးပြန် ရခဲ့ပြီး ဝီလန်က သွင်းပေးခဲ့သည်။
မန်စီးတီးအတွက် ဒုတိယဂိုးကို ဒီဘရိုင်းက ၈၂ မိနစ်တွင် လှလှပပ သွင်းယူပေးခဲ့သည်။ နယူးကာဆယ် သည် ၈၈ မိနစ်တွင် အဖိုးတန် ချေပ ဂိုး ပြန်ရခဲ့ပြီး ရှယ်လ်ဗေးက သွင်းယူ ခဲ့၍ မန်စီးတီး ကံဆိုးခဲ့ရသည်။ သရေ ကျခဲ့သော မန်စီးတီးသည် ပွဲစဉ် ၁၄ အပြီး ဦးဆောင်သူ လီဗာပူးနှင့် ၁၁ မှတ် ကွာဟနေသည်။
၁၁ မှတ် ကွာဟနေမှုက ကြီးမား သည့် အဟန့်အတား ဖြစ်၊ မဖြစ်ကို သတင်းထောက်က မေးမြန်းခဲ့ရာတွင် ဂွာဒီယိုလာက အလျှော့ပေးမည်မဟုတ်ကြောင်း ဆိုခဲ့သည်။
ဂွာဒီယိုလာက ''ကြီးမားတဲ့ အမှတ် ကွာဟမှုလားဆိုရင် မဟုတ်သေးပါ ဘူး။ နောက်ထပ် ပြိုင်ဘက်နဲ့ ကစား ရဦးမယ်။ ပွဲတွေ အနိုင်ရအောင် ကြိုး စားမှာပါ၊ ပြီးမှ အခြေအနေကို စောင့် ကြည့်ရမယ်။ ကျွန်တော် မနေ့ကတည်း က ပြောခဲ့ပါတယ်။ ချန်ပီယံဆု ထိန်း သိမ်းဖို့နဲ့ အမှတ်တွေ အများကြီးရဖို့ စဉ်းစားတာက အဖြေတစ်ခု မဟုတ် ပါဘူး။ ပွဲဆက် အနိုင်ရအောင်သာ ကြိုးစားရမယ်။ တကယ်လို့ အနိုင်မရ ဘူးဆိုရင် ပိုခက်ခဲသွားလိမ့်မယ်''ဟု ပြောခဲ့သည်။















