နယူးဇီလန်အစိုးရ၏ သေနတ်ကိုင်ဆောင်မှုတင်းကျပ်သည့် ဥပဒေကြမ်းကို သေနတ်ပိုင်ရှင်များ ဆန့်ကျင်ဆန္ဒပြ

နယူးဇီလန်အစိုးရ၏ သေနတ်ကိုင်ဆောင်မှုတင်းကျပ်သည့် ဥပဒေကြမ်းကို သေနတ်ပိုင်ရှင်များ ဆန့်ကျင်ဆန္ဒပြ

နယူးဇီလန်အစိုးရက သေနတ်ဝယ်ယူမှုဆိုင်ရာ ပိုမိုတင်းကျပ်သည့် ဥပဒေကို အတည်ပြုရန် ပြင်ဆင်နေခြင်းကို နယူးဇီလန်နိုင်ငံသား သေနတ်ပိုင်ရှင် ၅၀ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက်တွင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လတွင် ခရိုက်ချပ်မြို့၌ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ ၅၁ ဦး သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်ဦးဆောင်သော အစိုးရအဖွဲ့သည် သေနတ်ကိုင်ဆောင်မှု တင်းကျပ်သည့် ဥပဒေများ ပြဌာန်းရန် ပြင်ဆင်ခဲ့သည်။ အာဒန်၏ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေကြမ်းကို ကမ္ဘာတစ်ဝန်းက ထောက်ခံခဲ့သော်လည်း ပြည်တွင်းရှိ အတိုက်အခံ အမျိုးသားပါတီ၊ သေနတ်ကိုင်ဆောင်ရေး လှုပ်ရှားမှုအဖွဲ့များနှင့် သာမန်ပြည်သူအချို့တို့က ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်တွင် အော့ကလန်၌ သေနတ်ပိုင်ရှင်တစ်စုသည် "ဒီဥပဒေကြမ်းကြောင့် သာမန်ပြည်သူတွေ ထိခိုက်နစ်နာနေပြီ၊ လုံခြုံစိတ်ရဖို့အတွက် သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေးဥပဒေကို ဆန့်ကျင်စို့" ဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

အာဒန်၏ အစိုးရသည် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေကြမ်းကို စက်တင်ဘာတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဥပဒေကြမ်းအရ နိုင်ငံသားများသည် သေနတ်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ မှတ်ပုံတင်စာရင်းပေးရမည်ဖြစ်ပြီး သေနတ်ဝယ်ယူမည့်သူ၏ နောက်ကြောင်းရာဇဝင်ကို အသေးစိတ် စစ်ဆေးပြီးမှသာ သေနတ်ကိုင်ဆောင်ခွင့်ပြုမည့် အချက်များလည်း ပါဝင်သည်။

ဧပြီတွင် လွှတ်တော်သည် တစ်စိတ်တစ်ပိုင်း အော်တိုမက်တစ် သေနတ်များအသုံးပြုမှု၊ ဖြန့်ချိရောင်းချမှုကို တားမြစ်ပိတ်ပင်သည့် ဥပဒေကြမ်းကို အတည်ပြုပေးခဲ့ပြီးဖြစ်သည်။ထို့ပြင် အစိုးရသည် သေနတ်ကိုင်ဆောင်ထားသူများထံမှ သေနတ်များကို ပြန်ဝယ်ပြီး ဖျက်ဆီးသည့် အစီအစဉ်ကိုလည်း ကျင့်သုံးရန် စီစဉ်နေသည်။

အစိုးရအနေဖြင့် တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်များကိုသာ တားဆီးပိတ်ပင်သင့်ကြောင်း နယူးဇီလန် သေနတ်ပစ်ချန်ပီယံ ဗစ်တိုးရီးယား အိုဘရိုင်ယန်က တိုက်တွန်းခဲ့သည်။