ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

၂၀၁၉ခုနှစ် ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့ကို ဒီဇင်ဘာလ ၁ ရက်တွင်လုပ်ခြင်း၏ အဓိပ္ပာယ်မှာ HIV ပိုးနှင့် ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးကို မပေါ့ရန် ပြည်သူများကို အသိပေးခြင်း သတိပေးခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိအခြေအနေအရပ်ရပ်ကို သိရှိအောင် ပြည်သူများကို အသိပေးခြင်းဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်အရ ပြည်သူများမပါဝင်ပါက HIV AIDS ရောဂါသာမက မည်သည့်ရောဂါကိုမျှ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အောင်မြင်အောင်လုပ်၍ရမည် မဟုတ်ကြောင်း၊ ပြည်သူတွင်သာမကNGOများ၊ CPOများ၊ INGOများ၊ UN၊ တက်ကြွလှုပ်ရှား သူများ၊ သံရုံးများကလည်း ပါဝင်ရန်လိုကြောင်း၊ ယင်းအဖွဲ့အစည်းများကလည်း မည်သို့လုပ်ရမည်ကို စဉ်းစားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ယင်းရောဂါသည် မည်သည့်အတွက်ကြောင့် အနည်းငယ်ဖြစ်နေသေးသည်ကို ပြန်လည်သုံးသပ်ရာတွင် ကာကွယ်သည့်နေရာများကို လက်လှမ်းမမီခြင်း၊ မူးယစ်ဆေးထိုးသည့်သူ များလာခြင်း၊ လိင်လုပ်သား များလာခြင်း၊ အမျိုးသားအချင်းချင်း ဆက်ဆံမှုများလာခြင်း၊ အကျဉ်းသားများလာခြင်း၊ ရွှေ့ပြောင်းလုပ်သား များလာခြင်းတို့က မိမိတို့ လုပ်ငန်းလုပ်ဆောင်ရာတွင် အနည်းငယ် အနှောင့်အတားဖြစ်စေကြောင်း၊ အဆိုပါကိစ္စကိုလည်း ကိုင်တွယ်ဆောင် ရွက်နေကြောင်း၎င်းက ပြောသည်။

ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ရန်ကုန်သည် အဓိကဖြစ်ပြီး ယင်းနေရာများတွင် မူးယစ်ဆေးသွေးကြောအတွင်း ထိုးသူများကို ကိုင်တွယ်မည်ဆိုပါက HIV ချက်ချင်း ကျဆင်းသွားမည်ကို မိမိအနေဖြင့် ယုံကြည်ပါကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယင်းအခမ်းအနားတွင် အမှာစကားပြောကြားပြီး UNAIDS မှ Country Director Mr. Oussama Tawai က UNAIDS မှ ပေးပို့သော သဝဏ်လွှာကို လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မှ ပေးပို့သော သဝဏ်လွှာကိုလည်းကောင်း ဖတ်ကြားသည်။

အဆိုပါအခမ်းအနား၌ ၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အိပ်ချ်အိုင်ဗွီ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများတွင် တက်ကြွလှုပ်ရှားမှုထူးချွန်ဆုရ မြို့နယ်များအား ဆုများချီးမြှင့်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ယင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး