လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ မကွေးလမ်းမပေါ်၌ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု၊ ရဲစခန်းထောက်ခံစာအတုများ ရောင်းချနေသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက သတင်းအရ အဆိုပါနေရာသို့ သွားရောက်စစ်ဆေးရာ ဆိုင်ကယ်တစ်စီးပေါ်တွင် ထိုင်လျက်အနေအထားဖြင့် ထောက်ခံစာအတုများ ရောင်းချ နေသူ အသက် ၄၀ အရွယ် ဝင်းဌေးဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လှိုင်သာယာမြို့မရဲစခန်း လှိုင်သာယာမြို့နယ်တံဆိပ်တုံးအဝိုင်း ရိုက်နှိပ်ထားပြီး စခန်းမှူးနေရာတွင် လက်မှတ်ရေးထိုးထားသည့် ရဲစခန်းထောက်ခံစာအတု ၇ စောင်ကို ၎င်း၏ လွယ်အိတ်အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) တံဆိပ်ရိုက်နှိပ်ထားပြီး ဦးစီးအရာရှိနေရာတွင် လက်မှတ်ရေးထိုးထားသည့် အတုဟုယူဆရသော အလုပ်သမားမှတ်ပုံတင်ကတ်ပြား ၁၀ စောင်၊ ထောက်ခံစာ များအရောင်းအဝယ်ပြုလုပ်ရာမှ ရရှိသောငွေ ၁၆၅၀ဝ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
လှိုင်သာယာမြို့မရဲစခန်းက (ပ)၇၀၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် ဝင်းဌေးကို အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။

















