လှည်းကူးမြို့နယ်တွင် တစ်ရပ်ကွက်တည်းနေသူ ၁၇နှစ်အရွယ်လူငယ်က မုန့်ဝယ်ကျွေးမည်ပြောကာ ရှစ်နှစ်ကလေးကို အဓမ္မပြုကျင့်မှုအား သက်ဆိုင်ရာက ဒီဇင်ဘာ ၁ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လှည်းကူးမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်၌ရှိနေစဉ် အသက် ၈ နှစ်ကျော် အရွယ်၎င်း၏သမီးဖြစ်သူက ရပ်ကွက်အတွင်း သွားရောက် ကစားရာမှ နေအိမ်သို့ ပြန်လာခဲ့သည်။
ထိုသို့ပြန်လာစဉ်ယောက်မဖြစ်သူက သမီးငယ်ကို ရေဗူးဝယ်ရန် ပြောသဖြင့် သမီးဖြစ်သူက ထဘီလဲ ဦးမည်ဟု ပြောဆိုသောကြောင့် ဘာတွေပေနေတာလဲဟုမေးရာ ထဘီတွင် သုက်ရည်များတွေ့ရှိသဖြင့် သမီးငယ်ကို မေးမြန်းခဲ့သည်။
အောင်မင်္ဂလာရပ်ကွက်နေ အောင်-----(ခ) အာ-------(၁၇ နှစ်)က မုန့်ဝယ်ကျွေးမည်ဟု ပြောဆိုကာ ၄င်းနေအိမ်သို့ ခေါ်သွားခဲ့ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၁ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
လှည်းကူးမြို့မရဲစခန်းက(ပ)၃၃၂၅/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးခဲ့သည်။
ပြစ်မှုကျူးလွန်သူမှာ ကလေးသူငယ်ဖြစ်သဖြင့် ထိန်းသိမ်းခွင့်ချုပ်ရမန်တောင်းခံကာ လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့အပ်ရန် စီစဉ်လျက်ရှိသည်။

















