တောင်ဒါကိုတာ၌ လေယာဉ်ငယ်တစ်စင်းပျက်ကျ၊ မိသားစုဝင်ကိုးဦး သေဆုံး

တောင်ဒါကိုတာ၌ လေယာဉ်ငယ်တစ်စင်းပျက်ကျ၊ မိသားစုဝင်ကိုးဦး သေဆုံး

အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာပြည်နယ်၌ နိုဝင်ဘာ ၃၀ ရက်တွင် ပုဂ္ဂလိက လေယာဉ်ငယ်တစ်စင်းပျက်ကျမှုကြောင့် လိုက်ပါသည့် ခရီးသည်များအနက် မိသားစုဝင်ကိုးဦး သေဆုံးခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

သေဆုံးသူများတွင် မိသားစုတစ်စု၏ မျိုးဆက်လေးဆက်ဝင်များပါဝင်ပြီး အသက်ခုနစ်နှစ်မှ ၈၁ နှစ်အရွယ်များဖြစ်ကြကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ သေဆုံးသူမိသားစုများမှာ ကျန်းမာရေးကုမ္ပဏီ Kyani ကိုတည်ထောင်သူများဖြစ်ပြီး ညီအစ်ကိုများလည်း ဖြစ်ကြသည့် ဂျင်ဟန်ဆန်နှင့် ကာ့ဟန်ဆန်တို့ သေဆုံးခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ အခြားသေဆုံးသူများမှာ ဂျင်ဟန်ဆန်နှင့် ကာ့ဟန်ဆန်တို့၏ဖခင်၊ ကာ့ဟန်ဆန်၏ သားနှစ်ဦးနှင့် သမက်နှစ်ဦးတို့ဖြစ်ကြသည်။ ဂျင်ဟန်ဆန်၏သားနှင့် မြေးတို့လည်း သေဆုံးခဲ့သည်။

လေယာဉ်ဖြင့် အမဲလိုက်ခရီးစဉ်မှပြန်လာစဉ် လမ်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။ နှင်းမုန်တိုင်း တိုက်ခတ်နေချိန်တွင် Pilatus PC-12 လေယာဉ်သည် ချိန်ဘာလိန်လေဆိပ်မှ တစ်မိုင်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (အက်ဖ်အေအေ)က ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်တွင် လူ ၁၂ ဦး လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ သုံးဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပြည်နယ်ရှေ့နေချုပ် မော်လဲ ရော့ဆိုးက ပြောဆိုခဲ့သည်။

လေယာဉ်သည် ဒေသစံတော်ချိန် မွန်းတည့်ချိန်မတိုင်မီတွင် လေဆိပ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အီဒါဟိုးဖောစ်ဒေသ လေဆိပ်သို့ ဦးတည်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကာ အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးမှုကို တာဝန်ယူထားကြောင်း အက်ဖ်အေအေက ပြောဆိုခဲ့သည်။

တောင်ဒါကိုတာသည် မြောက်ပိုင်းလွင်ပြင်ဒေသတွင် တည်ရှိပြီး နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်လေ့ရှိသော ဒေသလည်း ဖြစ်သည်။