တရုတ်၌ ချုပ်နှောင်ခံထားရသည့် သြစတြေးလျသား စာရေးဆရာ နှိပ်စက်ခံနေရ

တရုတ်၌ ချုပ်နှောင်ခံထားရသည့် သြစတြေးလျသား စာရေးဆရာ နှိပ်စက်ခံနေရ

တရုတ်နိုင်ငံတွင် ချုပ်နှောင်ခံထားရသည့် သြစတြေးလျနိုင်ငံသား စာရေးဆရာကို တရုတ်အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်နေပြီး ယင်းကဲ့သို့ ဆက်ဆံမှုများသည် လက်ခံနိုင်စရာမရှိကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မရိုက်ပေးက ဒီဇင်ဘာ ၂ ရက်တွင်ပြောဆိုခဲ့သည်။

သြစတြေးလျနိုင်ငံသား ဒေါက်တာ ယန်းဟိန်ချွန်းထံသို့ သြစတြေးလျကောင်စစ်ဝန်သည် သွားရောက်သတင်းမေးမြန်းခဲ့ရာ နှိပ်စက်ခံနေရကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ပေးက ပြောဆိုခဲ့သည်။

ယန်းသည် တရုတ်၌ ဇန်နဝါရီကတည်းက ချုပ်နှောင်ခံခဲ့ရခြင်းဖြစ်ပြီး သူလျှိုမှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ယန်းသည် ပြင်ပကမ္ဘာနှင့်အဆက်ဖြတ်ခံထားရပြီး မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ဆက်သွယ်ခွင့် ပိတ်ပင်ခံထားရကာ နေ့စဉ် စစ်ကြောမေးမြန်းခံနေရကြောင်း ပေးက ပြောဆိုခဲ့သည်။

ယန်းအား တရားမျှတစွာ၊ လူသားဆန်စွာ ဆက်ဆံရန် တရုတ်အာဏာပိုင်များအား အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ နှိပ်စက်ညှဉ်းပန်းနေခြင်းကို လက်မခံနိုင်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။

ယန်းသည် သူလျှိုတစ်ဦးမဟုတ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ပြောဆိုခဲ့သည်။ ယန်းကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့သည်။ တရုတ်သည် ယန်းကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုခြင်းကလည်း သြစတြေးလျနှင့်ဆက်ဆံရေးကို ပိုမိုဆိုးရွားသွားစေခဲ့သည်။

ယန်းသည် တရုတ်အာဏာပိုင်များက ၂၄ နာရီစောင့်ကြည့်နေသော နေရာတစ်ခုတွင် အကျယ်ချုပ်ဖြင့် ယခင်ကနေထိုင်ခဲ့ရသော်လည်း သြဂုတ်လတွင်မူ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။