၂၀၁၁ ခုနှစ်က ငလျင်နှင့် ဆူနာမီကြောင့် ထိခိုက်ပျက်စီးကာ ရေဒီယိုသတ္တိကြွနေသော ဖူကူရှီးမား ဒိုင် အီချီ နျူကလီးယားဓာတ်ပေါင်းဖိုများမှ အရည်ပျော်ကျနေသည့် လောင်စာများကို ၂၀၂၁ ခုနှစ်တွင် စတင်ဖယ်ရှားမည်ဖြစ်ကြောင်း ဂျပန် စီးပွားနှင့် စက်မှုဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အခင်းဖြစ်ပွားပြီး ကိုးနှစ်ကြာမြင့်လာသည့်တိုင် အရည်ပျော်ကျ ပျက်စီးနေသော နျူကလီးယားဓာတ်ပေါင်းဖို သုံးလုံးကို မည်သို့ရှင်းလင်းမည်ကို တိကျသော လုပ်ငန်းစဉ် ချပြနိုင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။ စတင်ရှင်းလင်းမည့်အချိန်ကို ဖော်ပြထားသော်လည်း မည်သည့်အချိန်တွင် အပြီးသတ်မည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ နျူကလီးယားကျွမ်းကျင်သူများက ရှင်းလင်းရေး လုပ်ငန်းများ နှစ် ၃၀ မှ ၄၀ ခန့်ထိ ကြာမြင့်နိုင်ကြောင်း သုံးသပ်ထားသည်။ အချို့ကျွမ်းကျင်သူများကမူ နှစ် ၃၀၊ ၄၀ သည်ပင် အကောင်းမြင်လွန်းရာရောက်ကြောင်း၊ ချာနိုဘယ် နျူကလီးယားဓာတ်အားပေးရုံ အပျက်အစီးကဲ့သို့ အလုံပိတ်အမိုးခုံးဖြင့် ဖုံးထားကာ ရေဒီယိုသတ္တိကြွဓာတ်များ သဘာဝအလျောက် ဓာတ်ပြယ်သွားမည့် အချိန်ထိ နှစ်ပေါင်းများစွာ စောင့်ဆိုင်းရဖွယ်ရှိကြောင်း သုံးသပ်ကြသည်။
ရှင်းလင်းရေးလုပ်ငန်းစဉ် အခက်ခဲဆုံးအပိုင်းမှာ ထိခိုက်ပျက်စီးသွားသော ဓာတ်ပေါင်းဖို သုံးလုံးထဲမှ အရည်ပျော်ကျ ပျက်စီးသွားသော နျူကလီးယားလောင်စာ တန် ၈၀ဝ ကို ရှင်းလင်းရေးဖြစ်သည်။ စက်ရုံပိုင်ရှင် တိုကျို အီလက်ထရစ်ပါဝါ ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဓာတ်ပေါင်းဖို သုံးလုံးအနက် နှစ်လုံး၏ အတွင်းပိုင်းအခြေအနေများကို အသေးစိတ်လေ့လာနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဓာတ်ပေါင်းဖို အမှတ် ၂ ထဲမှ လောင်စာများကို ဦးဆုံး ထုတ်ယူရှင်းလင်းမည်ဟု သိရသည်။
ဓာတ်ပေါင်းဖို အမှတ် ၃ တွင် ရေဒီယိုသတ္တိကြွနှုန်း မြင့်မားသဖြင့် အပျက်အစီး တိုင်းတာရေး လုပ်ငန်းများ ကြန့်ကြာလျက်ရှိသလို၊ ဓာတ်ပေါင်းဖို အမှတ် ၁ ထဲတွင်လည်း ရေဒီယိုသတ္တိကြွနှုန်းသည် အလွန်မြင့်မားသဖြင့် တိုင်းတာရေး စက်ရုပ်ယာဉ် ဝင်ရောက်သွားပြီးနောက် ပျက်စီးခဲ့သည်။

















