ဟောင်ကောင်တွင် ခြောက်လနီးပါး ဒီမိုကရေစီရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေမှုကို ထောက်ခံခဲ့သော အမေရိကန်အစိုးရနှင့် သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူများ ဆန္ဒထုတ်ဖော် ချီတက်ပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းဖျန်းဆေးများသုံးကာ လူစုခွဲခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က ၂၀၁၉ ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကို လက်မှတ်ထိုး အတည်ပြုကာ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူများကို ထောက်ခံကြောင်း ပြသခဲ့သည်။ ဥပဒေအရ တရုတ်လက်အောက်ရှိ ဟောင်ကောင်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အမေရိကန်အစိုးရက သုံးသပ်မည်ဖြစ်သလို၊ ဟောင်ကောင် ရဲတပ်ဖွဲ့သို့ မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆန်ကဲ့သို့ လူအုပ်ထိန်းချုပ် လက်နက်များ ရောင်းချမှုလည်း ရပ်ဆိုင်းမည်ဖြစ်သည်။
ဟောင်ကောင်မြို့လယ် လူစည်ကားသော ဈေးဝယ်ရပ်ကွက်ကိုဖြတ်ကာ ဆန္ဒပြသူများသည် အမေရိကန်ကောင်စစ်ဝန်ရုံးသို့ ဦးတည်ချီတက်ခဲ့ကြသည်။ ဆန္ဒပြသူများသည် "တော်လှန်ရေး အခုစ" ဟူသော စာသားများပါဝင်သည့် အလံနက်များကို ကိုင်ဆောင်ထားကြသည်။ ဟိုတယ်များ၊ ဈေးဝယ်စင်တာများဖြင့် စည်ကားသော ကောင်လွန်းရပ်ကွက်တွင် ဆန္ဒပြပွဲများကြောင့် ဆိုင်များလည်း စောစီးစွာ ပိတ်ခဲ့ကြသည်။
ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက မီးလောင်ဗုံးများ၊ မီးခိုးဗုံးများဖြင့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒေသရွေးကောက်ပွဲများ ကျင်းပသည့်ကာလ၌ ဟောင်ကောင်တွင် အနည်းငယ်တည်ငြိမ်ခဲ့ပြီး ရွေးကောက်ပွဲတွင် ဒီမိုကရေစီရေး လိုလားသည့် ကောင်စီလူကြီးအများအပြား အနိုင်ရရှိခဲ့သည်။ ဒီမိုကရေစီရေး လှုပ်ရှားသူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်ပြန်မြှင့်မည်ဟု ကြွေးကြော်ထားသည်။
သံသယတရားခံများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းနိုင်စေမည့် ဥပဒေကြမ်းကို ဟောင်ကောင် အစိုးရက လွှတ်တော်တင်သွင်းပြဌာန်းရန် ကြိုးပမ်းမှုကြောင့် ဇွန်လမှ စတင်ကာ ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး ဆန္ဒပြပွဲများအဖြစ်သို့ အားကောင်းလာခဲ့ခြင်းဖြစ်သည်။

















