အီရတ်တွင် ပြီးခဲ့သည့် လပိုင်းများအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် အဒီလ် အဗ္ဗဒူ မာဒီ နုတ်ထွက်စာတင်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်တွင် လွှတ်တော်က နုတ်ထွက်မှုကို လက်ခံခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နုတ်ထွက်ရေး လုပ်ငန်းစဉ်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသဖြင့် အငြင်းပွားမှုများ ပေါ်ပေါက်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ဆန္ဒပြသူများသည် တိုးမြှင့်ဖိအားပေး ဆန္ဒပြလျက်ရှိပြီး မြို့တော် ဘဂ္ဂဒက်တွင် လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ရသည်။
ဝန်ကြီးချုပ် နုတ်ထွက်မှုကို လွှတ်တော်သည် မဲခွဲခြင်းမရှိဘဲ တိုက်ရိုက်အတည်ပြုခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ဖွဲ့စည်းပုံဥပဒေတွင်လည်း ဝန်ကြီးချုပ် နုတ်ထွက်မှုကို အတည်ပြုရေးနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိသောကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဥပဒေလုပ်ထုံးလုပ်နည်း အကြံပြုချက်အပေါ် အခြေခံကာ လွှတ်တော်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နုတ်ထွက်မှုကို မဲခွဲဆုံးဖြတ်ရန် မလိုဟု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခြင်းသည် နည်းလမ်းမကျကြောင်း၊ ဖွဲ့စည်းပုံဥပဒေတွင် လေဟာနယ်ဖြစ်နေသည့် သဘောသက်ရောက်ကြောင်း လွှတ်တော်အမတ် မိုဟမ္မဒ် အယ်လ်-ဒါရာဂျီက ပြောသည်။
လွှတ်တော်က အတည်ပြုပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် အေ ဟယ်ဘိုစီက ဝန်ကြီးချုပ်အသစ် အမည်စာရင်းတင်သွင်းရန် သမ္မတ ဘာဟမ် ဆာလီကို ညွှန်ကြားခဲ့သည်။ ၁၅ ရက်အတွင်း သမ္မတ တင်သွင်းသည့်သူကို လွှတ်တော်က ထောက်ခံ မထောက်ခံကို မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး ထောက်ခံပါက ဝန်ကြီးချုပ်သစ်သည် ရက် ၃၀ အတွင်း အစိုးရဖွဲ့ရမည်ဖြစ်သည်။
နိုင်ငံတောင်ပိုင်း ရေနံကြွယ်ဝသည့် ဘာဆာရာမြို့တွင်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ကျောင်းသားများ၊ ဆရာများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နာဂျက်ဖ်နှင့် ဒီကာပြည်နယ်များတွင် ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့သူများအတွက် ဝမ်းနည်းအထိမ်းအမှတ်အဖြစ် အဝတ်နက်များ ဝတ်ဆင်ကာ ဆန္ဒပြခဲ့ကြသည်။
အီရတ်၏ အဓိကဆိပ်ကမ်းမြို့ အမ်ကာဆာတွင်လည်း ဆန္ဒပြသူများက အဓိကလမ်းမများကို ပိတ်ဆို့ဆန္ဒပြလျက်ရှိသောကြောင့် ကုန်သွယ်ရေးစီးဆင်းမှု ၅၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရကြောင်း အီရတ် အာဏာပိုင်များက ပြောသည်။

















