ကမ္ဘာကြီး ရာသီဥတု ချောက်ကမ်းပါးထဲကျရန် နီးစပ်လာနေဟု ကုလအကြီးအကဲ သတိပေး

ကမ္ဘာကြီး ရာသီဥတု ချောက်ကမ်းပါးထဲကျရန် နီးစပ်လာနေဟု ကုလအကြီးအကဲ သတိပေး

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံများသည် လုံလုံလောက်လောက် အားထုတ်ကြိုးပမ်းခြင်း မရှိသဖြင့် နောက်ပြန်ဆုတ်မရသော ရာသီဥတုကပ်ဘေး ချောက်ကမ်းပါးထဲ ကမ္ဘာကြီး ကျဆင်းရမည့် အန္တရာယ် နီးသထက် နီးလာနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်က ဒီဇင်ဘာ ၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။ 

သီတင်းနှစ်ပတ်ကြာ ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတုအရေး ဆွေးနွေးပွဲကို စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ဒီဇင်ဘာ ၂ ရက်၌ စတင်ပြီဖြစ်သည်။ ကမ္ဘာကြီး ပူနွေးမှုနောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အဆိုးလွန် ရာသီဥတုများဒဏ်ကို လက်ရှိမှာပင် လူသားများ စတင်ခံစားနေရပြီဖြစ်ပြီး အချိန်မီ မထိန်းသိမ်းကြပါက ပိုဆိုးရွားလာမည်ဖြစ်ကြောင်း မစ္စတာ ဂူတာရတ်စ်က ပြောသည်။

ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရန် ယနေ့ ကမ္ဘာကြီးတွင် သိပ္ပံအသိပညာနှင့် နည်းပညာစွမ်းအား လုံလောက်စွာ ရှိနေသည့်တိုင် နိုင်ငံရေးပိုင်းက လုံလောက်စွာ အားမစိုက်သဖြင့် မထိမရောက်ဖြစ်နေရကြောင်းလည်း မစ္စတာ ဂူတာရတ်စ်က ထောက်ပြပြောကြားသည်။

"နိုင်ငံရေးပိုင်းက အားမစိုက်ကြတာကြောင့် အဆိုးလွန် ရာသီဥတုကပ်ဘေးတွေ ကျရောက်လာဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်" ဟု မစ္စတာ ဂူတာရတ်စ်က ပြောသည်။

မက်ဒရစ်မြို့ ရာသီဥတုဆွေးနွေးပွဲသို့ နိုင်ငံ ၂၀ဝ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ၂၀၁၅ ပါရီ ရာသီဥတု သဘောတူချက်များကို အပြီးသတ် အတည်ပြုကြမည်ဖြစ်သည်။ နိုင်ငံတကာ ကာဗွန်ထုတ်လွှတ်ခွင့် ရောင်းဝယ်မှု စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရေး၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း အပါအဝင် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများဒဏ် ခံရသည့် နိုင်ငံများအား နစ်နာကြေး ပေးအပ်ရေး စည်းကမ်းချက်များလည်း အပြီးသတ် သတ်မှတ်ကြမည်ဖြစ်သည်။

၂၁၀ဝ ပြည့်နှစ်ရောက်သည့်အခါ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို စက်မှုတော်လှန်ရေး ကာလကထက် ၂ ဒီဂရီ စင်တီဂရိတ်အထက် ပိုမပူစေရေး ထိန်းချုပ်ရန် ပါရီ ရာသီဥတုသဘောတူစာချုပ်တွင် ကမ္ဘာ့နိုင်ငံများ သဘောတူထားကြသည်။