အမေရိကန်အောက်လွှတ်တော်၌ ယခုအပတ်အတွင်း ပြုလုပ်မည့် သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာစစ်ဆေးပွဲသို့ သမ္မတထရမ့်နှင့် ရှေ့နေများ တက်ရောက်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အောက်လွှတ်တော် တရားရေးကော်မတီက ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် ကြားနာစစ်ဆေးမှုများတွင် ပါဝင်မည် မပါဝင်မည်ကို ဒီဇင်ဘာ ၁ ရက် ညနေခြောက်နာရီ နောက်ဆုံးထားပြီး အတည်ပြုပေးရမည်ဖြစ်ရာ အိမ်ဖြူတော်က ပါဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သက်သေများ အမည်စာရင်းတင်သွင်းရန် ရှိနေသေးသည့် ကြားနာစစ်ဆေးမှုတွင် မျှတစွာ ပါဝင်ခွင့် ရရှိမည်မဟုတ်သလို တရားရေးကော်မတီကလည်း သမ္မတအား နောက်ထပ် ကြားနာစစ်ဆေးမှုများမှတစ်ဆင့် မျှတသော ဖြစ်စဉ်ကို ပေးအပ်နိုင်မည်ဟု မယူဆသောကြောင့် ယခုကြားနာစစ်ဆေးမှုတွင် ပါဝင်မည်မဟုတ်ကြောင်း အိမ်ဖြူတော်အကြံပေး ပတ်စီပိုလုံးက တရားရေးကော်မတီ ဥက္ကဋ္ဌ ဂျရော့ဒ် နာဒ်လာထံသို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
စီပိုလုံးက သမ္မတထရမ့်နှင့် ရှေ့နေများသည် နောက်ထပ်ကြားနာ စစ်ဆေးမှုများတွင် မပါဝင်ဟု ပြောဆိုခြင်းမပြုခဲ့သော်လည်း ဒီမိုကရက်တစ်အမတ်များ အနေဖြင့် ဦးစွာအလျှော့ပေးရန် လိုအပ်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။
ထရမ့်သည် နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်မည့် ကြားနာစစ်ဆေးမှုများတွင် ရှေ့နေများဖြင့် ခုခံချေပခြင်းပြုမည် မပြုမည်ကို ဒီဇင်ဘာ ၆ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ရမည်ဖြစ်ကြောင်း နာဒ်လာက အိမ်ဖြူတော်ကို အသိပေးပြောဆိုခဲ့သည်။
၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်နိုင်ရေး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည့် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ သားဖြစ်သူအား စုံစမ်းစစ်ဆေးပေးရန် ထရမ့်က ယူကရိန်းသမ္မတအား ဖိအားပေးတောင်းဆိုခဲ့မှုသည် အာဏာအလွဲသုံးစားလုပ်ခဲ့ခြင်း ဟုတ်မဟုတ်ကို ကွန်ဂရက်စ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော်စီသည် သမ္မတအား စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချနိုင်သည်ဟု ပြောဆိုခြင်း မပြုသေးသော်လည်း သမ္မတကို ၎င်း၏လုပ်ရပ်များအတွက် တာဝန်ယူစေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

















