ဥရောပသမဂ္ဂ ခေါင်းဆောင်သစ်များ ရာထူးစတင်ထမ်းဆောင်

ဥရောပသမဂ္ဂ ခေါင်းဆောင်သစ်များ ရာထူးစတင်ထမ်းဆောင်

ဥရောပသမဂ္ဂ ခေါင်းဆောင်သစ်များ ဒီဇင်ဘာ ၁ ရက်တွင် ရာထူးတာဝန် စတင်ထမ်းဆောင်ပြီဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သလို၊ မကြာမီ ဗြိတိန် နုတ်ထွက်တော့မည့်တိုင် ဥရောပသမဂ္ဂ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းရေး ဆောင်ရွက်သွားမည်ဟုလည်း ကတိပြုထားကြသည်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီးဟောင်း ဝါဆူလာ ဖွန် ဒေ လိုင်ယန်သည် ဥရောပကော်မရှင် ဥက္ကဋ္ဌဟောင်း ယွန်း ကလော့ဒီ ယွန်ကာနေရာတွင် အစားထိုး တာဝန်ယူမည်ဖြစ်သည်။ ဖွန်ဒေလိုင်ယန်သည် ဥရောပကော်မရှင် ဥက္ကဋ္ဌများထဲတွင် ပထမဆုံး အမျိုးသမီးလည်းဖြစ်သည်။

ဘယ်ဂျီယံ ဝန်ကြီးချုပ်ဟောင်း ရှားမီရှဲက ဥရောပကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါ်နယ် တက်စ်နေရာတွင် အစားထိုး တာဝန်ယူမည်ဖြစ်သည်။ ဥရောပလွှတ်တော် ဥက္ကဋ္ဌအဖြစ် အီတလီမှ ဒေးဗစ် ဆာဆိုလီက တာဝန်ယူမည်ဖြစ်ကာ၊ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခရစ္စတင်း လာဂါ့ဒ်က တာဝန်ယူမည်ဖြစ်သည်။ မစ္စ လာဂါ့ဒ်သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အကြီးအကဲဟောင်းလည်း ဖြစ်သည်။ ဥရောပသမဂ္ဂ ခေါင်းဆောင်သစ် လေးဦးသည် ငါးနှစ်သက်တမ်းကို ထမ်းဆောင်ရမည်ဖြစ်ကာ ၎င်းတို့ တာဝန်စတင်ချိန်သည် ဥရောပသမဂ္ဂ စည်းမျဉ်းစည်းကမ်းများ သဘောတူသတ်မှတ်ခဲ့သည့် လစ္စဘွန်း သဘောတူစာချုပ် ဆယ်နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

ဥရောပသမဂ္ဂ၏ ညီညွတ်သော အင်အားဖြင့် နိုင်ငံတကာရေးရာများတွင် အပြုသဘောဆောင် တိုးတက်မှုများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအပေါ် အခြေခံသော နိုင်ငံတကာဆက်ဆံရေးကောင်းများ ထူထောင်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌသစ် ရှားမီရှဲက ပြောသည်။

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအင်အားစုဖြစ်သော ဥရောပသမဂ္ဂ၏ နိုင်ငံသား သန်း ၅၀ဝ ကျော်က ယုံကြည်အပ်နှံထားသော လုပ်ပိုင်ခွင့်များကို အသုံးချကာ အများ၏ မျှော်လင့်ချက်များ ပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆာဆိုလီကလည်း ပြောသည်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ လူနေမှုစရိတ်ကြီးမြင့်မှု လျှော့ချရေး စသဖြင့် ပြီးခဲ့သည့် လပိုင်းများအတွင်း မိမိတို့ ပေးအပ်ခဲ့ကြသော ကတိကဝတ်များ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။