ခရီးသည်တင်ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှ လက်ကိုင်ဖုန်း ၁၈ လုံးနှိုက်ယူမှု ပေါ်ပေါက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သုဓမ္မာ လမ်းမကြီး၊ ဝဇီရာကားမှတ်တိုင်သို့ ဆိုက်ရောက်လာသည့် YBS (၃၅)ယာဉ်လိုင်းပေါ်မှ ဆင်းလာသော ဝိုင်းချစ်အောင် (ခ)ကုလား၊ သူရဝင်းနိုင်နှင့် မင်းသီဟတို့သုံးဦးကို ခါးပိုက်နှိုက်မှု သတင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
၄င်းတို့ထံမှ OPPO အမျိုးအစား အနီရောင် လက်ကိုင်ဖုန်း တစ်လုံးကို တွေ့ရှိရသဖြင့် စစ်မေးခဲ့သည်။ အဆိုပါလက်ကိုင်ဖုန်းကို YBS (၃၅)ယာဉ်ပေါ်ပါ အသက်(၂၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှ နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
၄င်းတို့သုံးဦးကို အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိမရှိစစ်ဆေးခဲ့ရာ နိုဝင်ဘာလအတွင်း ခရီးသည်တင်ယာဉ်များပေါ်မှ လက်ကိုင်ဖုန်းမျိုးစုံ ငါးလုံးကို နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ထို့ပြင် ဝိုင်းချစ်အောင်(ခ)ကုလားနှင့်သူရဝင်းနိုင်တို့ နှစ်ဦးသည် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း ခရီးသည်တင်ယာဉ်များပေါ်မှ လက်ကိုင်ဖုန်း ၁၂ လုံးကို နှိုက်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
၄င်းတို့ နှိုက်ယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချပေါင်နှံထားသည့် နေရာများမှ သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။

















