အလုပ်သမားက ဆိုင်ရှင်အမျိုးသမီးကို ပေါက်တူးဖြင့်ခုတ်

အလုပ်သမားက ဆိုင်ရှင်အမျိုးသမီးကို ပေါက်တူးဖြင့်ခုတ်

ပိုက်ဆံတောင်းသည်ကို ငြင်းဆိုခဲ့သည့် ဆိုင်ရှင်အမျိုးသမီးကို ဆိုင်အလုပ်သမားက ပေါက်တူးဖြင့်ခုတ်မှု ပုသိမ်မြို့တွင် ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက အရေးယူထားကြောင်း ယနေ့ဒီဇင်ဘာ ၃ ရက်၌ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီတွင် ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် သံထည်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးကို ဆိုင်ဝန်ထမ်းက ပေါက်တူးနှင့်ခုတ်သဖြင့် ဒဏ်ရာရရှိကြောင်း သတင်းအရ ဒုရဲအုပ်ဆန်းမင်းထွန်း နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်းကို ဝဲမျက်ခုံးပြတ်ရှဒဏ်ရာ၊ ဝဲလက်မပြတ် ဒဏ်ရာ၊ဝဲလက်ညိုးပြတ်၊ဝဲလက်ခလယ်ပြတ်၊ဝဲလက်သူကြွယ်ပြတ်၊ဝဲလက်သန်းပြတ် ယာလက်မပြတ်၊ ယာလက်ခလယ်ပြတ် ယာလက်သူကြွယ်ပြတ်နှင့် ယာလက်သန်းပြတ်ဒဏ်ရာများ ရရှိထားလျက် သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။ဒဏ်ရာရရှိထားသူကို ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရသည်။

သက်ဆိုင်ရာ၏စုံစမ်းချက်အရ ဆိုင်အလုပ်သမား ထက်မြက်သူ(ခ)ဖိုးခွား အသက်(၁၉)နှစ်ရောက်ရှိလာပြီး ပိုက်ဆံတောင်းရာ မပေးနိုင်ကြောင်းပြောသဖြင့် ဆိုင်တွင်ရောင်းရန်ထားသည့်ပေါက်တူးနှင့်ခုတ်ခဲ့ကြောင်း၊ ထိုသို့ခုတ်စဉ် ဒေါ်ဖြူဖြူဝင်းက လက်ဖြင့်ကာခဲ့သောကြောင့် လက်တွင်ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ကြမ်းပြင်ပေါ်သို့လဲကျစဉ် ထွက်ပြေးသွားကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ပုသိမ်နယ်မြေရဲစခန်းက (ပ)အမှတ် ၅၆၆/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူထားသည်။သက်ဆိုင်ရာက ပြစ်မှုကျူးလွန်ပြီးနောက်ထွက်ပြေးတိမ်းရှောင်သွားသူ ထက်မြက်သူ(ခ)ဖိုးခွားကို ဖမ်းဆီးရမိရေးစုံစမ်းနေစဉ် ဒီဇင်ဘာ ၂ ရက် နံနက် ၃ နာရီခန့်တွင် ထွက်ပြေးတိမ်းရှောင်နေသူ ထက်မြတ်သူ(ခ)ဖိုးခွားကို ၎င်း၏ညီဖြစ်သူက သက်ဆိုင်ရာသို့ လာရောက်အပ်နှံခဲ့ပြီး ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။