အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာရှိ သမ္မတအိမ်တော်အနီးတွင်တည်ရှိသော အမျိုးသားဥယျာဉ်ထဲ၌ ဒီဇင်ဘာ ၃ ရက်တွင် မီးခိုးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ဥယျာဉ်တွင်း ကင်းလှည့်နေသည့် စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မြေပြင်ပေါ်ကျနေသည့် မီးခိုးဗုံးကို စစ်သည်များက ကောက်ယူခါနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဂျကာတာရဲမှူး ဂါတော့ အက်ဒီ ပရာမိုနိုကပြောဆိုခဲ့သည်။စစ်သည်နှစ်ဦးကို ဆေးရုံတင်ကုသပေးနေပြီး အခြေအနေတည်ငြိမ်နေပြီဖြစ်ကြောင်း ပရာမိုနိုကပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂ ရက်တွင် ဥယျာဉ်နား၌ လူထောင်ပေါင်းများစွာပါဝင်သော ချီတက်ပွဲကို ပြုလုပ်ခဲ့ပြီး ယင်းအတွက် ရဲတပ်ဖွဲ့နှင့် စစ်သည်များကို လုံခြုံရေးချထားပေးရာမှ မီးခိုးဗုံးမတော်တဆပြုတ်ကျကျန်ခဲ့ခြင်းဟုတ်မဟုတ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
မီးခိုးဗုံး၏ထိရောက်မှုသည် မပြင်းထန်သော်လည်း မည်သည့်နေရာတွင်မဆို ပေါက်ကွဲနိုင်သောကြောင့် အများပြည်သူအနေဖြင့် မသင်္ကာစရာတစ်ခုခုတွေ့ရှိပါက အာဏာပိ်ုင်များကို အသိပေးရန် လိုအပ်ကြောင်း စစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်မှူး ဇူဟာဒရီက ပြောဆိုခဲ့သည်။
ပြဿနာကြီးမဟုတ်သော်လည်း သတင်းအချက်အလက်စုဆောင်းနေပြီး ဒဏ်ရာရရှိသည့် စစ်သည်များ အခြေအနေကောင်းမွန်လာပါက စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း ဇူဟာဒရီကပြောဆိုခဲ့သည်။
မိုနာစ်ဟု အတိုကောက်အမည်ရထားသည့် အမျိုးသားဥယျာဉ်သည် ဂျကာတာမြို့လယ်တွင်တည်ရှိသည်။ ဥယျာဉ်နားတွင် သမ္မတအိ်မ်တော်နှင့် ဝန်ကြီးဌာနရုံးများရှိနေသည်။

















