ဘော်လွန်းဒီအော်ဆုကို စံချိန်တင်အဖြစ်ခြောက်ကြိမ်မြောက် မက်ဆီ သိမ်းပိုက် အမျိုးသမီးဆု ရာပီနိုးရရှိပြီး အယ်လစ်ဆန်နှင့် ဒီလစ်တို့ ဆုများအသီးသီးရရှိ

ဘော်လွန်းဒီအော်ဆုကို စံချိန်တင်အဖြစ်ခြောက်ကြိမ်မြောက် မက်ဆီ သိမ်းပိုက် အမျိုးသမီးဆု ရာပီနိုးရရှိပြီး အယ်လစ်ဆန်နှင့် ဒီလစ်တို့ ဆုများအသီးသီးရရှိ

၂ဝ၁၉ ဘော်လွန်းဒီအော် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်က ပြင်သစ် နိုင်ငံ ပဲရစ်၌ကျင်းပခဲ့ရာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ကြိုတင် သတင်းထွက်ခဲ့သည့်အတိုင်း အာဂျင်တီးနားနှင့် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက စံချိန်တင်အဖြစ် ခြောက်ကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့သည်။

၃၂ နှစ်အရွယ် တိုက်စစ်မှူး မက်ဆီသည် ၂ဝ၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဘော်လွန်းဒီအော်ဆု ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ဆုငါးကြိမ် ပိုင်ဆိုင်ထား သော ပြိုင်ဘက် စီရိုနယ်ဒိုကို နောက်ကောက်ကျကာ ကစားသမားဘဝ ခြောက်ကြိမ်မြောက်စံချိန် တင်ရရှိခဲ့သည်။ မက်ဆီသည် ၂ဝ၁၈–၁၉ ဘောလုံးရာသီတွင် နိုင်ငံနှင့် ကလပ် အသင်းအတွက် ၅၄ ဂိုး သွင်းယူခဲ့ပြီး လာလီဂါ ချန်ပီယံဆုဖလားရရှိခဲ့သည့်အပြင် ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ထပ်ရခဲ့သည်။

မက်ဆီသည် ၂ဝ၁၉ ဘော်လွန်းဒီအော်ဆုအတွက် မဲအများဆုံးရခဲ့ခြင်းဖြစ်ပြီး နယ်သာ လန်နောက်ခံလူ ဗန်ဒိုက်မှာ ဒုတိယ မဲအများ ဆုံးရရှိကာ စီရိုနယ်ဒိုမှာ တတိယလိုက်ခဲ့သည်။ ပေါ်တူဂီနှင့် ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် မီလန်မြို့၌ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လက်ခံရယူခဲ့၍ ဘော်လွန်းဒီအော် ဆုပေးပွဲအခမ်းအနားသို့ လာရောက်ခဲ့ခြင်း မရှိပေ။

မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ပွဲ ၇ဝဝ ပြည့် ကစားနိုင်ခဲ့ပြီး ၆၁၄ ဂိုး သွင်းယူကာ ဆုဖလား ၃၄ ကြိမ် ပိုင်ဆိုင်ထားသည်။ ၎င်းသည် ချန်ပီယံလိဂ် ဆုဖလား လေးကြိမ်နှင့် လာလီဂါ ချန်ပီယံဆုဖလား ၁ဝ ကြိမ် ရရှိထားသည်။ မက်ဆီသည် ဘော်လွန်းဒီအော်ဆုကို ၂ဝဝ၉၊ ၂ဝ၁ဝ၊ ၂ဝ၁၁၊ ၂ဝ၁၂၊ ၂ဝ၁၅ နှင့် ၂ဝ၁၉ ခုနှစ်တွင် ဆွတ်ခူးခဲ့သည်။

တစ်နှစ်တာ အမျိုးသမီးအကောင်းဆုံး ဘော်လွန်းဒီအော်ဆုကို ၃၄ နှစ်အရွယ် အမေရိ ကန် တောင်ပံကစားသမား ရာပီနိုး ရရှိခဲ့သည်။ ယခုနှစ် ဥရောပ အမျိုးသမီးအကောင်းဆုံး ကစားသမားဆုရှင် ဘရွန်ဇီမှာ ဒုတိယသာရ ခဲ့ပြီး အဲလက်မော်ဂန်မှာ တတိယလိုက်ခဲ့သည်။ ရာပီနိုးသည် ၂ဝ၁၉ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံဆုဆွတ်ခူးခဲ့ရာတွင် အမေရိကန် လက်ရွေးစင်အသင်းအတွက် ခြောက်ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့သည်။

လီဗာပူး ဂိုးသမား အယ်လစ်ဆန်မှာ စတီ ဂန်နှင့် အီဒါဆန်ကို ကျော်ဖြတ်၍ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုအဖြစ် ယာရှင်ထရို ပီကို ပိုင်ဆိုင်ခဲ့သည်။ ဘော်လွန်းဒီအော်ဆုရှင် ဟောင်းများက ရွေးချယ်သော ၂ဝ၁၉ ယူ–၂၁ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဖြစ်သည့် ကိုပါထရိုပီဆုကို နယ်သာလန် နောက်ခံလူ ဒီလစ်ရရှိခဲ့သည်။

 

 

 



ဖတ်ရှုမှုအများဆုံး