ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုသည် အမေရိကန်နှင့် မဟာမိတ်ဖွဲ့ကာ ရင်းနှီးမှု တည်ဆောက်ထားသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဘရာဇီးကို သံမဏိနှင့် အလူမီနီယံ ကုန်သွယ်ခွန် တိုးကောက်မည့်နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဘရာဇီး သမ္မတ ဘိုဆိုနာရိုနှင့် အာဂျင်တီးနား သမ္မတ မော်ရီစီယို မာခရီတို့သည် မဟာမိတ်များဖြစ်သည့်တိုင် ထိုနှစ်နိုင်ငံသည် ငွေကြေးတန်ဖိုးကို ရည်ရွယ်ချက်ရှိရှိဖြင့် နှိမ့်ချထားကာ အမေရိကန်နှင့် ကုန်သွယ်ကြသဖြင့် အမေရိကန် လယ်သမားများ အထိနာနေရကြောင်း သမ္မတ ထရမ့်က အစောပိုင်းတွင် တွစ်တာ၌ စွပ်စွဲရေးသားခဲ့ပြီးနောက် ထိုနှစ်နိုင်ငံမှ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံများကို အခွန်တိုးကောက်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ထရမ့်၏ စွပ်စွဲချက်ကို ဘရာဇီး ဒုသမ္မတက ငြင်းဆိုခဲ့သော်လည်း၊ သမ္မတ ဘိုဆိုနာရိုကမူ လိုအပ်ပါက သမ္မတ ထရမ့်ထံ တိုက်ရိုက်ဖုန်းဆက်ကာ ဆွေးနွေးဖြေရှင်းမည်ဟု ဆိုထားသည်။ အာဂျင်တီးနား ကုန်ထုတ်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီး ဒန်တီဆီကာကလည်း ထရမ့်၏ ကြေညာချက်ကြောင့် မိမိတို့အစိုးရ အံ့အားသင့်ရသည်ဟု ဆိုထားသည်။
တောင်အမေရိကတိုက်မှ ဘရာဇီးနှင့် အာဂျင်တီးနားတို့သည် အမေရိကန်၏ မဟာမိတ်များဖြစ်ပြီး သံမဏိနှင့် အလူမီနီယံ အခွန်တိုးကောက်ခြင်းမှ ၂၀၁၈ မတ်လက စတင်ပြီး ကင်းလွတ်ခွင့် ရရှိထားခြင်းဖြစ်သည်။ ယခုလို မူဝါဒပြောင်းကာ မဟာမိတ်များကို အခွန်တိုးကောက်ခြင်းသည် သဘောထား အပြောင်းအလဲမြန်သော သမ္မတ ထရမ့်၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ အခြားနိုင်ငံများ ငွေကြေးတန်ဖိုး လျှော့ချကာ အမေရိကန်နှင့် ကုန်သွယ်ခြင်းကို တားမြစ်နိုင်ရေး အစီအစဉ်ရေးဆွဲရန်လည်း အမေရိကန် ဗဟိုဘဏ်ကို သမ္မတ ထရမ့်က ညွှန်ကြားထားသည်။
ဘရာဇီးသည် လက်ရှိတွင် အလုပ်လက်မဲ့ရာခိုင်နှုန်း ဂဏန်းနှစ်လုံးစာ ရှိနေပြီး ရှေ့ပိုင်း နှစ်နှစ်က စီးပွားကျဆင်းပြီးနောက် ယခုနောက်ပိုင်း သုံးနှစ်မှသာ စီးပွားတိုးနှုန်းသည် နှစ်စဉ် ၁ ရာခိုင်နှုန်းဝန်းကျင်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

















