အစ္စရေး ဝန်ကြီးချုပ်ကို အကျင့်ပျက်ခြစားမှုများဖြင့် ရှေ့နေချုပ်က တရားဝင် စွဲချက်တင်

အစ္စရေး ဝန်ကြီးချုပ်ကို အကျင့်ပျက်ခြစားမှုများဖြင့် ရှေ့နေချုပ်က တရားဝင် စွဲချက်တင်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အကျင့်ပျက်ခြစားမှုများဖြင့် ရှေ့နေချုပ်က ဒီဇင်ဘာ ၂ ရက်တွင် တရားဝင် စွဲချက်တင်လိုက်ပြီး နေတန်ယာဟုကို ဆန့်ကျင်ထွက်ဆိုမည့် သက်သေ ၃၀ဝ ကျော်ရှိကာ ထိုအထဲတွင် ဘီလီယံနာ သူဌေးများပင် ပါဝင်ကြောင်းသိရသည်။

ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ရာထူးထမ်းဆောင်စဉ်အတွင်း တရားစီရင်ခံရခြင်းမှ ကင်းလွတ်ခွင့်ရရန် လွှတ်တော်သို့ လျှောက်ထားခွင့် ရကောင်း ရနိုင်ကြောင်းလည်း သိရသည်။ အစ္စရေးတွင် ပြီးခဲ့သည့် လပိုင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲအပြတ်နိုင်သည့် ပါတီမရှိသလို၊ ညွန့်ပေါင်းအစိုးရဖွဲ့ရန် နေတန်ယာဟုနှင့် အတိုက်အခံ ဘန်နီ ဂန့်ဇ်တို့ တစ်လှည့်စီ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရသဖြင့် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပရနိ်ုင်ခြေလည်း ရှိနေသည်။

သီးခြား စွဲချက် သုံးခုတွင် လိမ်လည်မှု၊ ယုံကြည်မှု အလွဲသုံးစားမှု၊ လာဘ်ငွေနှင့်ပစ္စည်း လက်ခံမှုတို့ဖြင့် နေတန်ယာဟုကို စွဲချက်တင်ထားကြောင်း ရှေ့နေချုပ် ဗီချိုင် မန်ဒယ်ဘစ်က ပြောသည်။ အစ္စရေးသမိုင်းတစ်လျှောက် ရာထူးလက်ကိုင်ရှိ ဝန်ကြီးချုပ်တစ်ဦး ပထမအဆုံးအကြိမ်အဖြစ် စွဲချက်တင်ခံရခြင်း ဖြစ်သည်။

ရှေ့နေချုပ်သည် စွဲချက်များကို လွှတ်တော်သို့ ဒီဇင်ဘာ ၂ ရက်တွင် တရားဝင် တင်သွင်းလိုက်ပြီဖြစ်သည်။

နေတန်ယာဟုကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ရဲနှင့် အစိုးရစုံစမ်းစစ်ဆေးရေးမှူးများ ပူးပေါင်းကာ တရားရေးနည်းလမ်းဖြင့် မိမိကို ဖြုတ်ချအာဏာသိမ်းရန် ကြိုးပမ်းမှုဟု တုံ့ပြန်စွပ်စွဲထားသည်။ နေတန်ယာဟုကို စွပ်စွဲချက်များထဲတွင် ဟောလီးဝုဒ်အခြေစိုက် အစ္စရေး ရုပ်ရှင်ထုတ်လုပ်ရေး ဘီလီယံသူဌေး အာနွန် မီလ်ချန်နှင့် သြစတြေးလျ ဘီလီယံနာသူဌေး ဂျိမ်း ပက်ကာတို့ထံမှ ဒေါ်လာ နှစ်သိန်းဖိုးတန်ဖိုးရှိ ဆေးပြင်းလိပ်များ၊ ရှမ်ပိန်များကို လက်ခံခဲ့သည့် စွဲချက်လည်း ပါဝင်သည်။

အစ္စရေးပြည်တွင်း အဓိကသတင်းမီဒီယာကြီးများတွင် မိမိအကြောင်း အကောင်းရေးကြစေရန်အတွက် ထိုမီဒီယာပိုင်ရှင်များနှင့် ပူးပေါင်းကာ ထိုသူများ လုပ်ငန်းအသာစီးရစေမည့် ဥပဒေများ ထွက်ပေါ်လာရေး သွယ်ဝိုက်ကြိုးပမ်းပေးခဲ့ကြောင်းလည်း နေတန်ယာဟု စွပ်စွဲခံထားရသည်။ စွဲချက်တင်မှုတွင် ဆန့်ကျင်ထွက်ဆိုမည့် သက်သေ ၃၃၃ ယောက်ကိုလည်း ရှေ့နေချုပ်က တင်ပြထားသည်။

ထိုအထဲတွင် မီလ်ချန်နှင့် ပက်ကာတို့အပြင်၊ အမေရိကန် ကာဆီနိုလုပ်ငန်း ဘီလီယံနာသူဌေး ရှဲဒန် အဒေါ်ဆန်၊ အော်ရေကယ် ကော်ပိုရေးရှင်း ပူးတွဲထူထောင်သူ ဘီလီယံနာ လာရီ အဲလိဆင်တို့လည်း ပါဝင်သည်။