နှစ် ၁၈၀ဝ၀ သက်တမ်းရှိ ခွေးငယ် ရုရှား အေးခဲမြေလွှာအတွင်း ပုံစံမပျက်တွေ့ရှိ

နှစ် ၁၈၀ဝ၀ သက်တမ်းရှိ ခွေးငယ် ရုရှား အေးခဲမြေလွှာအတွင်း ပုံစံမပျက်တွေ့ရှိ

ရုရှား အရှေ့ဖျားဒေသ အေးခဲမြေလွှာအတွင်း သက်တမ်း နှစ် ၁၈၀ဝ၀ ရှိသည့် ခွေးငယ်တစ်ကောင်ကို ရုရှားသိပ္ပံပညာရှင်များက ပုံစံမပျက်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ရာကွတ်မြို့အနီး အေးခဲရွှံ့မြေလွှာအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမွေး၊ သွား၊ နှုတ်ခမ်းမွေး၊ မျက်တောင်မွေးကအစ အကောင်းအတိုင်း ကျန်ရှိကြောင်း သိရသည်။

ခွေးငယ်၏ ခန္ဓာကိုယ်ကို နောသန်းဝါးလ် ပြတိုက်တွင် ထိန်းသိမ်းထားရှိသည်။ စတော့ဟုမ်းအခြေစိုက် သမိုင်းမတင်မီခေတ် သက်ရှိများ လေ့လာရေးဌာနက ခွေးငယ်၏ အရိုးစ အနည်းငယ်ကိုယူကာ ဒီအင်န်အေ စစ်ဆေးခဲ့သလို၊ ကာဗွန်သက်တမ်းတွက်ချက်ခဲ့ရာတွင်လည်း နှစ်ပေါင်း ၁၈၀ဝ၀ က ရှင်သန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ရုရှား အရှေ့ဖျားဒေသ အေးခဲမြေလွှာများအောက်မှ ရှေးဟောင်းသတ္တဝါ အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံပညာရပ်အတွက် အဖိုးမဖြတ်နိုင်သည့် သုတေသနအရင်းအမြစ်များ ရရှိခဲ့သည်။

ကမ္ဘာကြီး ပူနွေးမှုကြောင့်ရုရှားအရှေ့ဖျား အေးခဲမြေလွှာများ အရည်ပျော်လာသဖြင့် ရှေးမမ်မိုဆင်ကြီးများ၏ အရိုးစုနှင့် အစွယ်များလည်း ပေါ်လာကြသလို၊ အခြားသော သမိုင်းမတင်မီခေတ်က သတ္တဝါများ၏ ခန္ဓာအစိတ်အပိုင်း အများအပြားကိုလည်း ရှာဖွေတွေ့ရှိလာခဲ့သည်။

တရုတ်ဈေးကွက်တွင် မမ်မိုဆင်စွယ်များ ဈေးကောင်းရနေသဖြင့် မမ်မိုဆင်စွယ် ရှာဖွေသည့် မုဆိုးများလည်း ရုရှား အရှေ့ဖျားတွင် တိုးပွားလျက်ရှိသည်။

"ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရာကွတ်လို အေးတဲ့ ဒေသမှာ အေးခဲမြေလွှာတွေ အရည်ပျော်ပြီး ရှေးသတ္တဝါ အကြွင်းအကျန်တွေ တွေ့လာရတဲ့ အဓိက အကြောင်းအရင်းကတော့ ကမ္ဘာကြီး ပူနွေးမှုကြောင့်ပဲ။ ကမ္ဘာကြီး ပူနွေးမှုက တကယ်ကို ဖြစ်နေပြီ။ ဒေသခံတွေ ကောင်းကောင်း ခံစားမိနေကြပြီ။ ဆောင်းဝင်နောက်ကျလာတယ်။ နွေဦးအရောက် စောလာတယ်" ဟု အရှေ့မြောက်ပိုင်း ပြည်ထောင်စု တက္ကသိုလ်မှ သုတေသီ ဆာဂျေး ဖျိုဒိုရော့က ပြောသည်။

"အခုလို ရှေးသတ္တဝါတွေကို ပိုတွေ့လာရတဲ့ နောက်တစ်ချက်ကတော့ ရှာဖွေတဲ့သူ သိပ်များလာလို့ပဲ။ တရုတ်ဈေးကွက်မှာ မမ်မိုဆင်စွယ်လိုမျိုးက ဈေးကောင်းသိပ်ရနေတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။