ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစိုးရအတိုက်အခံတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့ရှိ လူစည်ကားသော ဈေးကို ဒီဇင်ဘာ ၂ ရက်က အစိုးရလေကြောင်းတိုက်ခိုက်မှုဟု ယူဆရသည့် တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တစ်ပြိုင်တည်းမှာပင် ကာ့ဒ်များ ထိန်းချုပ်ထားသည့်မြို့တစ်မြို့တွင် ကျောင်းတစ်ကျောင်းကို တူရကီစစ်ဘက်က ပစ်ခတ်တိုက်ခိုက်သည့် ဒုံးကျည်ထိမှန်မှုကြောင့် ကလေးရှစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆီးရီးယားမြောက်ပိုင်း တူရကီနှင့် နယ်စပ်တစ်လျှောက် စစ်ရေးအရှိန်မြင့်တက်လျက်ရှိပြီး ထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိနေသည်။ ဆီးရီးယားအစိုးရတပ်များသည် အီလစ်ပြည်နယ်တွင် နောက်ဆုံးလက်ကျန် အစိုးရဆန့်ကျင်ရေးတပ်များ၏ ခြေကုပ်မြို့များကို အရှိန်မြှင့်ထိုးစစ်ဆင်လျက်ရှိသလို၊ ကာ့ဒ်များကို ရန်သူအဖြစ် သတ်မှတ်ထားသော တူရကီတပ်များကလည်း ဆီးရီးယားနယ်စပ်တစ်လျှောက် ကာ့ဒ်တပ်များကို အရှိန်မြှင့် ချေမှုန်းလျက်ရှိနေသည်။
ဆီးရီးယား အစိုးရအတိုက်အခံတပ်များ ထိန်းချုပ်ထားသည့် မာရတ် အယ်လ်-နျူမန်မြို့ဈေးကို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးကာ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုသည်။
အတိုက်အခံများ ထိန်းချုပ်ထားသည့် အလက်ပိုမီဒီယာစင်တာက သေဆုံးသူ ၁၃ ဦးဟု ဖော်ပြပြီး၊ ဆီးရီးယား အရပ်ဘက် ကာကွယ်ရေးအဖွဲ့ကမူ ကိုးဦးဟု ဖော်ပြထားသည်။ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ဆီးရီးယားတွင် တိုက်ပွဲများအတွင်း သေဆုံးစာရင်းများ မကြာမကြာ ကွဲလွဲလေ့ရှိသည်။
ဆာရာချက်မြို့တွင်လည်း အလားတူ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ များပြားကြောင်း ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောသည်။ အီလစ်မြို့ အကျဉ်းထောင်အနီး ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းထောင် တစ်စိတ်တစ်ပိုင်းပျက်စီးကာ အကျဉ်းသားအချို့ လွတ်မြောက်သွားကြောင်းလည်း သိရသည်။
ဆီးရီးယား အစိုးရတပ်များသည် ယခုနှစ်ဆန်းပိုင်းတွင် လေးလကြာ ထိုးစစ်ဆင်နွှဲခဲ့ပြီး အတိုက်အခံတပ်များသည် အီလစ်ပြည်နယ်အတွင်း နောက်ဆုံးခြေကုပ်မြို့အချို့တွင် စုစည်းလျက်ရှိသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူချက်အရ သြဂုတ်လကုန်ပိုင်းက စတင်ကာ တိုက်ပွဲများ လျော့နည်းသွားသော်လည်း မကြာမကြာ သဘောတူချက် ချိုးဖောက်ပစ်ခတ်မှုများ ဖြစ်ပွားဆဲဖြစ်သည်။

















