ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့် စွဲချက်ဖြင့် ရုံးတင်ခံနေရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ခုခံချေပမှုများပြုလုပ်ခဲ့ရ

ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့် စွဲချက်ဖြင့် ရုံးတင်ခံနေရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ခုခံချေပမှုများပြုလုပ်ခဲ့ရ

မလေးရှားအစိုးရ၏ဖွံ့ဖြိုးရေးရန်ပုံငွေ( ဝမ်းအမ်ဒီဘီ) ထဲမှ ဒေါ်လာဘီလီယံပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် ဒီဇင်ဘာ ၄ ရက်တွင် တရားရုံး၌ ခုခံချေပမှုများကို ပြုလုပ်ခဲ့ရသည်။

နာဂျစ်သည် ၎င်း၏ဘဏ်စာရင်းထဲသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် ရင်းဂစ် ၄၂ သန်း ( ဒေါ်လာ ၁၀ ဒသမ ၁ သန်း) နှင့်ဆက်စပ်၍ အာဏာအလွဲသုံးစားမှု၊ ယုံကြည်မှုချိုးဖောက်မှု၊ ငွေမည်းခဝါချမှုတို့အပါအဝင် တရားစွဲဆိုမှုခုနစ်ခုတို့အတွက် ခုခံချေပခဲ့ရသည်။

နာဂျစ်သည် လုပ်ပိုင်ခွင့်နှင့် အာဏာများစွာရရှိခဲ့ပြီး ယင်းကို ပုဂ္ဂလိကအကျိုးစီးပွားအတွက် အသုံးချခဲ့ကြောင်း အထက်ရုံးတရားသူကြီးတစ်ဦးက လွန်ခဲ့သောလတွင်ပြောဆိုခဲ့သည်။ ပြည်သူပိုင်ငွေအလွဲသုံးစားလုပ်ခဲ့မှုဖော်ထုတ်ခံရပြီးနောက် အများပြည်သူမကျေမနပ်ဖြစ်ကာ ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ နာဂျစ်၏ညွန့်ပေါင်းအဖွဲ့သည် အကြီးအကျယ်ရှုံးနိ်မ့်ခဲ့သည်။

အသက် ၆၆ နှစ်အရွယ် နာဂျစ်သည် ဧပြီတွင်လည်း ရုံးတင်စစ်ဆေးမှုခံယူခဲ့ရပြီးဖြစ်သည်။ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။ ရုံးတင်စစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရမည်ဖြစ်ကြောင်း အထက်ရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် နာဂျစ်၏ရှေ့နေများသည် နာဂျစ်တွင် အပြစ်ကင်းစင်ကြောင်း ခုခံချေပရမည်ဖြစ်သည်။

ယခုကဲ့သို့ ထွက်ဆိုခွင့်ရရှိသောကြောင့် အပြစ်မရှိကြောင်း သက်သေပြနိုင်မည်ဖြစ်ကာ နာမည်ပျက်ဘဝမှ လွတ်မြောက်မည်ဖြစ်ကြောင်း နာဂျစ်က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားခဲ့သည်။ နာဂျစ်သည် ရန်ပုံငွေထဲမှ ဒေါ်လာ သန်း ၅၀ဝ ကို တရားမဝင်ရယူခဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ သြဂုတ်တွင် ကြားနာစစ်ဆေးခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးစနစ်မှတစ်ဆင့်လည်း ငွေအလွဲသုံးစားလုပ်မှုများကို ကျူးလွန်ခဲ့သည်ဟု ယူဆသောကြောင့် အမေရိကန်အာဏာပိုင်များသည်လည်း စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။ ရန်ပုံငွေထဲမှ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို တရားမဝင်ရယူခဲ့ကြောင်း အမေရိကန်ဥပဒေအရာရှိများကပြောဆိုခဲ့သည်။