ဖိလစ်ပိုင်သို့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ကမ်မူရီဝင်ရောက်တိုက်ခတ်၊ လူထောင်ပေါင်းများစွာကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရ

ဖိလစ်ပိုင်သို့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ကမ်မူရီဝင်ရောက်တိုက်ခတ်၊ လူထောင်ပေါင်းများစွာကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရ

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီသည် ဖိလစ်ပိုင်နိုင်ငံသို့ ဒီဇင်ဘာ ၃ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူထောင်ပေါင်းများစွာသည် ယာယီခိုလှုံရေးစခန်းများသို့သွားရောက်ခဲ့ရကာ မြို့တော်မနီလာရှိ နိုင်ငံတကာလေဆိပ်၌လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားခဲ့ရသည်။

ဒီဇင်ဘာ ၂ ရက် အနှောင်းပိ်ုင်းမှစတင်ကာ မနီလာတောင်ပိုင်း လေပြင်းတိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ကမ်မူရီသည် လေတိုက်နှုန်းပြင်းထန်နေဆဲဖြစ်ပြီး တစ်နာရီ ၁၅၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေဆဲဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

လေတိုက်နှုန်းပြင်းထန်သောကြောင့် မနီလာရှိ နီနွိုင် အကွီနိုနိ်ုင်ငံတကာလေဆိပ်၏လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိ်ုင်းထားရကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့ မန်နေဂျာ အက်ဒ် မွန်ရီယယ်ကပြောဆိုခဲ့သည်။ လေကြောင်းခရီးစဉ်များ မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို မသိရသေးသော်လည်း အာဏာပိုင်များကမူ ဒီဇင်ဘာ ၃ ရက် ဒေသဆိုင်ရာစံတော်ချိန် ည ၁၁ နာရီခန့်တွင် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး လေကြောင်းခရီးစဉ်များပြန်လည်စတင်နိုင်ကြောင်း ပြောဆိုထားသည်။

လေယာဉ်ခရီးစဉ် ၅၀ဝ နီးပါးကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည်များ လေဆိပ်သို့မလာရန် အစိုးရအရာရှိများက သတိပေးထားသည်။ နိုင်ငံအလယ်ပိုင်း ဘီကိုးဒေသမှ လူ ၃၄၀ဝ၀ဝ ဦးကို အရေးပေါ်ခိုလှုံရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ရပြီးဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနကပြောဆိုခဲ့သည်။

မနီလာရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများ နေအိမ်များမှထွက်ခွာပြီး ခိုလှုံရေးစခန်းများသို့ သွားရောက်ရန် တိုက်တွန်းချက်ထုတ်ပြန်ထားသည်။ ဖိလစ်ပိုင်သို့ တစ်နှစ်လျှင် မုန်တိုင်းနှင့် တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ၂၀၁၃ ခုနှစ်တွင် မဟာမုန်တိုင်း ဟိုင်ယန်ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၇၃၀ဝ ကျော်သေဆုံးသို့မဟုတ် ပျောက်ဆုံးခဲ့သည်။

မုန်တိုင်း ကမ်မူရီကြောင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ( ဆီးဂိမ်း) အနည်းငယ်ထိခိုက်ခဲ့သည်။ မုန်တိုင်းကြောင့် ပင်လယ်လှိုင်းစီးရွက်တပ်ဘုတ်ပြားပြိုင်ပွဲကို ရပ်ဆိုင်းထားရပြီး အခြားအားကစားနည်းတချို့ကိုလည်း သတ်မှတ်ချက်ထက် စောစီးစွာယှဉ်ပြိုင်စေခဲ့ရသည်။