ထိုင်းအစိုးရသည် လွှတ်တော်ဒီမိုကရေစီစနစ်ကို အားနည်းအောင် လုပ်ဆောင်နေကြောင်း ထိုင်းရှိ နာမည်အကျော်ကြားဆုံး အတိုက်အခံခေါင်းဆောင်ဖြစ်သည့် သာနာသွန်း ဂျွန်ဂရွန်းဂရူယံကစ်က ဒီဇင်ဘာ ၂ ရက် အနှောင်းပိ်ုင်းတွင် စွပ်စွဲပြောဆိုခဲ့သည်။
အသက် ၄၀ နှစ်အရွယ် သာနာသွန်း၏ အနာဂတ်သို့သာချီ ပါတီသည် မတ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဦးဆောင်သော အစိုးရသည် ပါတီခေါင်းဆောင် သာနာသွန်းနှင့် ၎င်း၏ပါတီတို့အပေါ် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ရန် ကြိုးပမ်းခဲ့သည်။
အစိုးရသည် အတိုက်အခံများကို ဖိနှိပ်ရန် သတင်းတုနှင့် သတင်းမှားမျိုးစုံကို အသုံးပြုခဲ့ပြီး အတိုက်အခံများအား အမျိုးသားသစ္စာဖောက်များ၊ ဘုရင်စနစ်ကိုဆန့်ကျင်သူများဟု စွပ်စွဲကာ နိ်ုင်ငံတွင်း သွေးကွဲအောင် လုပ်ဆောင်ခဲ့ကြောင်း သာနာသွန်းက သတင်းထောက်များအား ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲပြီးဆုံးချိန်မှစ၍ သာနာသွန်းသည် လွှတ်တော်တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သည့်နေ့တွင် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများကိုလက်ခံရယူခဲ့သောကြောင့် ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်းကို အမတ်အဖြစ်မှ ဖယ်ရှားရန် လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့သည်။
သာနာသွန်းနှင့် အနာဂတ်သို့သာချီ ပါတီတို့သည် တရားစွဲဆိုမှုများစွာနှင့် ကြုံတွေ့နေရသည်။ လွှတ်တော်စနစ်မှတစ်ဆင့် နိုင်ငံရေးတွင် ပါဝင်လိုသော်လည်း ပါဝင်ခွင့်မရကြောင်း သာနာသွန်းကပြောဆိုခဲ့သည်။
အများပြည်သူက လွှတ်တော်အပေါ်ယုံကြည်မှုပျက်လာမည်ဆိုပါက မည်ကဲ့သို့ ဆက်လက်ဖြစ်ပျက်မည်ကို မသိသော်လည်း အနာဂတ်သို့သာချီ ပါတီသည် ဟောင်ကောင်ပုံစံ လမ်းမပေါ်ထွက် ဆန္ဒပြမှုများကို ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















