မိဘများသဘောမတူသဖြင့် ခွဲခွာခံထားရသူနှစ်ဦး အဆိပ်သောက်သေဆုံး

မိဘများသဘောမတူသဖြင့် ခွဲခွာခံထားရသူနှစ်ဦး အဆိပ်သောက်သေဆုံး

တွံတေးမြို့နယ်တွင် မိဘများသဘောမတူသဖြင့် ခွဲခွာခံထားရသူနှစ်ဦး အဆိပ်သောက်သေဆုံးခဲ့မှုကို သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း ယနေ့ဒီဇင်ဘာ ၃ ရက်၌ ရဲတပ်ဖွဲ့ထံမှ သိရသည်။
 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်တွင် တွံတေးမြို့နယ် သဝန်းတောကျေးရွာ၌ လူတစ်ဦး အဆိပ်သောက်သေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ၁၇ နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲတွင် ၎င်းသည် ရင်ဘက်ပူနေသဖြင့် ရေတစ်ခွက်တိုက်ရန် ၎င်း၏မိခင်ကိုပြောဆိုသောကြောင့် မိခင်က ရေခပ်တိုက်ခဲ့ပြီးနောက် လဲကျသေဆုံးသွားခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူမှာ လွန်ခဲ့သော တစ်လခန့်က တစ်လမ်းကျော်၌နေထိုင်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှင့် ခိုးပြေးခဲ့သောကြောင့် မိဘများက သဘောမတူသဖြင့် ခွဲခွာခံထားရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ထိုသို့ ခွဲခွာခံထားရခြင်းကြောင့် သေစေနိုင်သည့် အဆိပ်(သို့မဟုတ်) သေစေနိုင်သည့် ဆေးဝါးများကို သောက်သုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ကနဦး မှတ်ချက်ပြုထားသည်။

၎င်းနှင့်အတူခိုးရာလိုက်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးမှာ အဆိုပါသေဆုံးမှုကို ကြားသိခဲ့ရ၍ သေဆုံးသူ၏ နေအိမ်သို့ ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီခန့်တွင် သွားရောက်ကြည့်ရှုခဲ့သည်။ထို့နောက် ယင်းအမျိုးသမီးက သေဆုံးသူအမျိုးသား၏ အလောင်းဘေးတွင် ထိုင်ငိုခဲ့ကာ နင့်နောက်ကို ငါလိုက်ခဲ့မည်ဟု ပြောဆို၍ နေအိမ်သို့ ပြန်သွားခဲ့သည်။

အဆိုပါအမျိုးသမီးသည် ယင်းနေ့နံနက် ၉ နာရီခွဲတွင် ၄င်း၏နေအိမ် ဧည့်ခန်းအတွင်း သေစေနိုင်သည့်တစ်စုံတစ်ရာကိုသောက်သုံးကာ ဗိုက်အောင့်သည်ဟု ပြောဆို၍ လဲကျသေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာက ကနဦး မှတ်ချက်ပြုထားသည်။

သက်ဆိုင်ရာက သေဆုံးသူနှစ်ဦး၏ အလောင်းကို ဆေးရုံသို့ပို့အပ်စစ်ဆေးလျက်ရှိပြီး တွံတေးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၆/၂၇/၁၉ ) အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။