လှိုင်မြို့နယ်တွင် လင်မယားစကားများရန်ဖြစ်ရာမှ ဇနီးက ပုလင်းခွံနှင့်ရိုက်သဖြင့် ခင်ပွန်းသေဆုံးခဲ့မှုကို သက်ဆိုင်ရာက ဒီဇင်ဘာ ၄ ရက်၌ အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခန့်တွင် လှိုင်မြို့နယ်(၁)ရပ်ကွက်နေ ဒေါ်ထိန်ထိန်ဝင်း(ခ) မထိန်ညသည် လှိုင်ဈေးကြီး၌ ဈေးရောင်းချနေစဉ် လှိုင်မြို့နယ် ၄ ရပ်ကွက်နေ အစ်ကိုဖြစ်သူ ဦးကံအေးရောက်လာပြီး ဒေါ်ထိန်ထိန်ဝင်း(ခ) မထိန်ည၏သားဖြစ်သူ မောင်ပြည့်စုံ(ခ)ဘိုဘို (၃၂)နှစ် အရိုက်ခံရကြောင်း မောင်ပြည့်စုံ(ခ)ဘိုဘို၏ ဇနီးဖြစ်သူက အကြောင်းကြားခိုင်းသဖြင့် လာရောက်ပြောဆိုခဲ့သည်။
ဒေါ်ထိန်ထိန်ဝင်း(ခ) မထိန်ည၏ သားဖြစ်သူတို့လင်မယားမှာ အမြဲတမ်းရန်ဖြစ်နေကြသောကြောင့် နောက်နေ့မှ လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်တွင် ချွေးမဖြစ်သူက ထပ်မံဖုန်းဖြင့်ဆက်သွယ်ကာ သားဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြသိရှိခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
သားဖြစ်သူသည် ဝဲဘက်ပါးရိုးပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ ဖြစ်စဉ်ကိုစုံစမ်းခဲ့ရာ လင်မယားနှစ်ဦးစကားများရန်ဖြစ်ခဲ့ကြရာမှ ချွေးမဖြစ်သူမလှလှရီက သားဖြစ်သူ ပြည့်စုံ(ခ)ဘိုဘိုကို ပုလင်းခွံဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ရရှိသည့် ဒဏ်ရာများဖြင့် နံနက် ၄ နာရီတွင် သေဆုံးခဲ့ကြောင်း ချွေးမဖြစ်သူ မလှလှရီ (၃၁ နှစ်)၏ ပြောပြချက်အရ သိရသဖြင့် ဒေါ်ထိန်ထိန်ဝင်း(ခ) မထိန်ညက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ပိတောက်ချောင်းနယ်မြေရဲစခန်းက(ပ)၁၄၆၂/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။

















