ဖိလစ်ပိုင်သို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိ

ဖိလစ်ပိုင်သို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိ

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ တောင်ဘက်ရှိ ခရိုင်များသို့ တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းအန္တရာယ်ကာကွယ်ရေးကြိုတင်စီစဉ်မှုများနှင့် နေရာမရွှေ့ပြောင်းမနေရစနစ်တို့ကြောင့် သေဆုံးသူများစွာမရှိခဲ့ခြင်းဖြစ်ကြောင်း ဌာနက ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်သို့ ယခုနှစ်အတွင်း အကြိမ် ၂၀ မြောက် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ ရက် အနှောင်းပိုင်းမှစတင်ကာ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အစိုးရသည် လူထောင်ပေါင်းများစွာကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လေယာဉ်ခရီးစဉ် ၅၀ဝ ခန့်ကို ဖျက်သိမ်းခဲ့သည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ ပြိုင်ပွဲအစီအစဉ်အချို့ကို ပြောင်းလဲခဲ့ရသည်။

နိုင်ငံအလယ်ပိုင်း ဘီကိုးဒေသ၌ ရေနစ်သေဆုံးသူသုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနက ပြောဆိုခဲ့သည်။ မြို့တော်တောင်ဘက်ရှိ ဒေသတစ်ခုတွင် နောက်ထပ်ငါးဦးသေဆုံးခဲ့သည်။

လူ ၃၄၅၀ဝ၀ ဦးသည် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်ပြီး အာဏာပိုင်များက အန္တရာယ်ကင်းရှင်းသောကြောင့် နေအိမ်များသို့ ပြန်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေသည်။ မုန်တိုင်းကြောင့် သစ်ပင်များလဲပြိုခြင်း၊ အိမ်ခေါင်မိုးများလွင့်ထွက်ခြင်းတို့ရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန၏ပြောခွင့်ရှိသူ မာ့ခ် တင်ဘယ်ကပြောဆိုခဲ့သည်။

မုန်တိုင်းကမ်မူရီ၏ လေတိုက်နှုန်းသည် တစ်နာရီ ၁၀ဝ ကီလိုမီတာအထိအားပျော့သွားခဲ့ပြီး တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည်သွားနေပြီဖြစ်သည်။ မုန်တိ်ုင်းသည်  ဖိလစ်ပိုင်နိုင်ငံမှ ဒီဇင်ဘာ ၄ ရက် အနှောင်းပိုင်းတွင် ထွက်ခွာသွားဖွယ်ရှိကြောင်း မိုးလေဝသဌာနကခန့်မှန်းထားသည်။

ကျွန်းစုပေါင်း ၇၀ဝ၀ ကျော်ရှိသည့် ဖိလစ်ပိုင်သို့ နှစ်စဉ် မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။