ကိုရီးယားကျွန်းဆွယ်ရှိ အမြင့်ဆုံးတောင်ပေါ်သို့ မြောက်ကိုရီးယားခေါင်းဆောင် မြင်းဖြူစီးတက်ရောက်

ကိုရီးယားကျွန်းဆွယ်ရှိ အမြင့်ဆုံးတောင်ပေါ်သို့ မြောက်ကိုရီးယားခေါင်းဆောင် မြင်းဖြူစီးတက်ရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နှစ်လပင်မကြာသေးသည့် ကာလအတွင်း ဒုတိယအကြိမ်အဖြစ် မြောက်ကိုရီးယားသားများက မြင့်မြတ်သောတောင်ဟု သတ်မှတ်ထားသည့် ပဲခ်တုတောင်ထိပ်သို့ မြင်းဖြူတစ်ကောင်စီးကာ တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကေစီအင်န်အေက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်သို့ ကင်နှင့်အတူ ၎င်း၏ဇနီး၊ ဗိုလ်ချုပ်များသည်လည်း မြင်းများစီးကာတက်ရောက်ခဲ့ကြသည်။ ကင်သည် အောက်တိုဘာလလယ်ပိုင်းတွင် ယင်းတောင်ပေါ်သို့ တက်ရောက်ခဲ့ပြီးဖြစ်သည်။

ပဲခ်တုတောင်နှင့် မြင်းဖြူတို့သည် ကင်မိသားစု၏အစီအစဉ်အုပ်ချုပ်မှုနှင့်ဆက်စပ်နေသော သင်္ကေတများဖြစ်ကြသည်။ ကင်သည် အရေးပါသော ဆုံးဖြတ်ချက်များ မချမီတွင်ပဲခ်တုတောင်ပေါ်သို့ တက်ရောက်လေ့ရှိခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသားများသည် ပဲခ်တုစိတ်ဓာတ်ဖြင့် နေထိုင်လုပ်ကိုင်သင့်ပြီး မြောက်ကိုရီးယား အလုပ်သမားပါတီ၏ အတွေးအမြင်၊ တော်လှန်ရေးနှင့် လူတန်းစားရပ်တည်ချက်များအားနည်းအောင် နယ်ချဲ့ဝါဒီများနှင့် လူတန်းစားရန်သူများက တက်သုတ်ရိုက်ကြိုးပမ်းလာနေကြောင်း ကင်က ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏နျူစီမံကိန်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဘက်မှ အဆိုပြုချက်များကို ယခုနှစ်မကုန်မီတွင် တင်ပြရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ရာဇသံပေးထားပြီး ယင်းနောက်ဆုံးရက်နီးကပ်လာချိန်တွင် မြောက်ကိုရီးယားအစိုးရသည် နည်းလမ်းမျိုးစုံဖြင့် လှုံ့ဆော်မှုများကို ပြုလုပ်လာခဲ့သည်။

မြောက်ကိုရီးယားထံမှ မည်သည့်ခရစ္စမတ်လက်ဆောင်လိုချင်သည်ကို အမေရိကန်ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်နှင့် နျူလက်နက်စမ်းသပ်မှုများကို ရပ်ဆိုင်းထားခြင်းကို ရုပ်သိမ်းသင့်မသင့်သည် အမေရိကန်၏ရပ်တည်ချက်အပေါ် မူတည်နေကြောင်း မြောက်ကိုရီးယားအစိုးရအရာရှိများက ယခင်ကပြောဆိုခဲ့ပြီးဖြစ်သည်။