ဝန်ကြီးချုပ်များအား သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုသည့် ဥပဒေကြမ်း မလေးရှားအစိုးရ လွှတ်တော် တင်သွင်း

ဝန်ကြီးချုပ်များအား သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုသည့် ဥပဒေကြမ်း မလေးရှားအစိုးရ လွှတ်တော် တင်သွင်း

ဝန်ကြီးချုပ်များအား သက်တမ်းနှစ်ကြိမ်သာထမ်းဆောင်ခွင့်ပေးရန် သတ်မှတ်သည့် ဥပဒေကြမ်းတစ်ခုကို မလေးရှားအစိုးရက ဒီဇင်ဘာ ၃ ရက်တွင် လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်သည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်အတွင်း ပေးခဲ့သည့် ကတိကိုဖြည့်ဆည်းသည့်အနေဖြင့် ဥပဒေကြမ်းကို တင်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်များအား သက်တမ်းအကြိမ်ကြိမ်ထမ်းဆောင်ခွင့်ပြုခြင်းကြောင့် အာဏာအလွဲသုံးစားလုပ်မှုများရှိခဲ့ကြောင်း လက်ရှိအစိုးရကပြောဆိုခဲ့သည်။

နာဂျစ်ရာဇတ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေ ဝမ်းအမ်ဒီဘီထံမှ ဒေါ်လာဘီလျံပေါင်းစွာကို အလွဲသုံးစားလုပ်ခဲ့ကြောင်း ဖော်ထုတ်ခံခဲ့ရပြီးနောက် အများပြည်သူ မကျေမနပ်ဖြစ်ခဲ့သည်။ ယမန်နှစ် မေတွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ မဟာသီယာ၏ ပါကာတန် ဟာရာပန်ညွန့်ပေါင်းအဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေကြမ်းအရ ဝန်ကြီးချုပ်တစ်ဦးကို သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပေးမည်ဖြစ်သည်။ ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် လွှတ်တော်ရှိ အမတ် ၂၂၂ ဦးအနက် သုံးပုံနှစ်ပုံတို့က ထောက်ခံမဲပေးရန် လိုအပ်သည်။ ဥပဒေကြမ်းနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် မတ်တွင် ဆွေးနွေးရန် စီစဉ်ထားသည်။

ဝန်ကြီးချုပ်တစ်ဦး အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက်ခြစားမှုများကျူးလွန်မည်ကို တားဆီးသည့်အနေဖြင့် မဟာသီယာ၏ ညွန့်ပေါင်းအဖွဲ့သည် ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်ကို အတည်ပြုနိ်ုင်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်သက်တမ်းသုံးကြိမ်နီးပါးထမ်းဆောင်ခဲ့သည့် နာဂျစ်သည် ဝမ်းအမ်ဒီဘီမှ ဒေါ်လာ တစ်ဘီလျံကို တရားမဝင်ရယူခဲ့ကြောင်း စွပ်စွဲချက်များအပါအဝင် ပြစ်မှုများစွာဖြင့် တရားစွဲဆိုခံခဲ့ရသည်။မဟာသီယာသည် ၁၉၈၁ မှ ၂၀ဝ၃ ခုနှစ်အထိ ၂၂ ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ မဟာသီယာသည် မလေးရှား၌ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်လည်းဖြစ်သည်။

ဥပဒေကြမ်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ မဟာသီယာက ၎င်းသည် ယခုအချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်ပြီး အသက် ၁၀ဝ ပြည့်သည့်အချိန်အထိ တာဝန်ထမ်းဆောင်သည်ကို ပြည်သူက လိုလားသည်မလိုလားသည် မသိနိုင်ကြောင်း ဖြေဆိုခဲ့သည်။