တရုတ်ရှိ ဝီဂါတိုင်းရင်းသားများ ဖိနှိပ်ခံရမှု တန်ပြန်ရေးဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်အတည်ပြု

တရုတ်ရှိ ဝီဂါတိုင်းရင်းသားများ ဖိနှိပ်ခံရမှု တန်ပြန်ရေးဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်အတည်ပြု

တရုတ်နိုင်ငံ၌ ဝီဂါမွတ်စလင်တိုင်းရင်းသားများအား နှိပ်စက်ညှဉ်းပန်းမှု၊ ဖမ်းဆီးချုပ်နှောင်မှုများကို ရပ်ဆို်ုင်းရန်နှင့် တရုတ်အစိုးရအရာရှိများအပေါ် ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။

တရုတ်အစိုးရအရာရှိများ အထူးသဖြင့် ရှင်ကျင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ချန်းကွမ်ကောက်အပေါ် ပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုချက်တစ်ခုကိုလည်း ဥပဒေကြမ်းတွင်ဖော်ပြထားသည်။ ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုရန်နှင့် သမ္မတဒေါ်နယ်ထရမ့်က သဘောတူလက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

ထရမ့်သည် ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးဆန္ဒပြသူများအား ထောက်ခံသည့် ဥပဒေကြမ်းကိုလည်း အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ဝီဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေနှင့်ပတ်သက်၍ အမေရိကန်အောက်လွှတ်တော်၌ ဒီဇင်ဘာ ၃ ရက် အနှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၀၇ မဲ၊ ကန့်ကွက်မဲ တစ်မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့သည်။ ရီပတ်ဘလီကန်အမတ် တောမတ်စ် မက်ဆီသည် ဥပဒေကြမ်းကို ကန့်ကွက်မဲပေးခဲ့သည်။ မက်ဆီသည် ဟောင်ကောင်ဥပဒေကြမ်းကိုလည်း ကန့်ကွက်မဲပေးခဲ့သူဖြစ်သည်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ ဝီဂါတိုင်းရင်းသား ၁၀ဝ၀ဝ၀ ကျော်ကို အစုလိုက်အပြုံလိုက်ဖမ်းဆီးချုပ်နှောင်မှုများအပါအဝင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေမှုများအား တန်ပြန်ရန်လိုအပ်ကြောင်း ဥပဒေကြမ်းတွင်ဖော်ပြထားသည်။ ထို့ပြင် တရုတ်သည် ဝီဂါများအား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်နှင့် တရားမျှတမှုရှိစွာ ရုံးတင်စစ်ဆေးခံယူခွင့်တို့အပါအဝင် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများမပေးရန် တရုတ်အစိုးရက စနစ်တကျလုပ်ဆောင်နေကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် ရှင်ကျန်းဒေသရှိ ဝီဂါကလေးငယ်များထံမှ မျိုးဗီဇနမူနာများရယူခြင်းအပါအဝင် နေ့စဉ်ဘဝကိုထိုးဖောက်ဝင်ရောက်သော အဆင့်မြင့်နည်းပညာသုံးစောင့်ကြည့်မှုများ၊လူပုဂ္ဂိုလ်များ တစ်ရက်လျှင်အကြိမ်မည်မျှ ဝတ်ပြုဆုတောင်းသည်ကို သိရှိရန် နေအိမ်များအပြင်ဘက်တွင် ကျူအာကုတ်များထားရှိခြင်း၊ မျက်နှာနှင့်အသံစောင့်ကြည့်မှတ်တမ်းတင်သည့် ဆော့ဝဲများအသုံးပြုခြင်း စသည့်နည်းစနစ်များကိုသုံးကာ စောင့်ကြည့်မှုများပြုလုပ်နေကြောင်း ဥပဒေကြမ်းတွင် တိကျစွာဖော်ပြထားသည်။

ထို့ပြင် သမ္မတထရမ့်အနေဖြင့် ဝီဂါများ၏အခွင့်အရေးများအတွက် တရုတ်အစိုးရအားတောင်းဆိုပေးရန်လည်း ဥပဒေကြမ်းတွင် တိုက်တွန်းချက်ပါရှိခဲ့သည်။ အဆိုပါဥပဒေကြမ်းသည် အဖျက်အမှောင့်သဘောပါပြီး အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကိုရပ်ဆိုင်းရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

ရှင်ကျန်းဒေသရှိ ဝီဂါများကို ချုပ်နှောင်ထားခြင်းမဟုတ်ဘဲ အကြမ်းဖက်မှုသဘောပါသည့် ဘာသာရေးအစွန်းရောက်မှုများရှိမလာစေရန် အသက်မွေးဝမ်းကြောင်း သင်တန်းပေးနေခြင်းသာဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်သည်။