စာတိုက်လုပ်ငန်းအငြင်းပွားမှုကြောင့် ဖင်လန်ဝန်ကြီးချုပ် နုတ်ထွက်

စာတိုက်လုပ်ငန်းအငြင်းပွားမှုကြောင့် ဖင်လန်ဝန်ကြီးချုပ် နုတ်ထွက်

ဖင်လန်နိုင်ငံတွင် စာတိုက်လုပ်ငန်းဝန်ထမ်းများသပိတ်မှောက်ကာ နိုင်ငံကိုယ်စားပြု Finnair လေကြောင်းလိုင်းလည်းသပိတ်မှောက်မှုနောက်ပိုင်း ပါတီငါးခုစုစည်းထားသည့် ညွန့်ပေါင်းပါတီထဲမှ အဓိကမဟာမိတ်ပါတီတစ်ခု နုတ်ထွက်သဖြင့် အစိုးရရပ်တည်ရေးအခက်အခဲရှိလာပြီး ဒီဇင်ဘာ ၃ ရက်၌ ဝန်ကြီးချုပ် အန်တီရင်း နုတ်ထွက်လိုက်ပြီဖြစ်သည်။

ဝန်ကြီးချုပ် ရင်းသည် ဇွန်လကမှ ရာထူးစတင်ထမ်းဆောင်ခြင်းဖြစ်သည်။ နိုဝင်ဘာလအတွင်း နိုင်ငံပိုင် Postiစာတိုက်လုပ်ငန်းဝန်ထမ်းများသီတင်းနှစ်ပတ်ကြာသပိတ်မှောက်မှု ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်အချို့  ဝေဖန်ပြစ်တင်မှုများနှင့် ကြုံရပြီးနောက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ Postiဝန်ထမ်း ၇၀ဝ ကျော်ကိုလစာလျှော့ချမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာထုတ်ပြန်ရန် ပျက်ကွက်မှုဖြင့် ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၇ ရက်တွင်မှ အထက်ပါ ဝန်ထမ်း ၇၀ဝ ကျော်ကိုမူရင်းလစာအတိုင်းစာချုပ်ထပ်မံချုပ်ဆိုခန့်ထားရန် ဝန်ကြီးချုပ် ရင်းကသဘောတူခဲ့မှုကြောင့် သပိတ်မှောက်မှု ပြီးဆုံးခဲ့သည်။

ဝန်ကြီးချုပ် ရင်းကမိမိလက်အောက် ဝန်ကြီးဌာနများကတင်ပြသည့် စာရင်းဇယားများကိုချည်းအားကိုးကာဆုံးဖြတ်ချက်များချမှတ်ခဲ့သဖြင့် လက်တွေ့နှင့် ကင်းကွာခဲ့ခြင်းသည် မိမိ၏ အကြီးမားဆုံးအမှားဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

ဝန်ထမ်းများအားလစာလျှော့ချကာစာချုပ်ချုပ်ဆိုမည့်အကြောင်းကိုPostiထိပ်ပိုင်းတာဝန်ရှိသူများသည် မိမိကိုရှင်းလင်းစွာပြောကြားခြင်းမရှိကြောင်းဝန်ကြီးချုပ် ရင်းကဝေဖန်ပြောကြားသည်။ စာတိုက်ဝန်ထမ်းများလစာ 
လျှော့ချခံရမှုကိုစာနာကြောင်း ပြသသည့်အနေဖြင့် နိုင်ငံကိုယ်စားပြု Finnair လေကြောင်းလိုင်းသည်လည်း တစ်ရက်တာသပိတ်မှောက်ခဲ့သဖြင့် လေယာဉ်ခရီးစဉ်ပေါင်း ၃၀ဝ ကျော် ပယ်ဖျက်ခဲ့ရသည်။

မိမိ၏ ပေါ့ဆမှုအတွက် တာဝန်ယူသည့်အနေဖြင့် နုတ်ထွက်ခြင်းသာဖြစ်ပြီး၊ မိမိသည် အမှားအယွင်း ကျူးလွန်ခြင်းမရှိကြောင်းဝန်ကြီးချုပ် ရင်းက ပြောသည်။ လာမည့်သီတင်းပတ်တွင် ဝန်ကြီးချုပ်သစ် မခန့်အပ်မီအချိန်အထိအုပ်ချုပ်ရေးလုပ်ငန်းများကိုဝန်ကြီးချုပ် ရင်းကယာယီဆက်လက်တာဝန်ယူထားမည် ဖြစ်သည်။