ပြင်သစ်ပန်းချီကျော် ပေါ်လ် ဂူဂင်၏ ရှားပါးလက်ရာကို ဒေါ်လာ ၁၀ သန်းကျော်ဖြင့် လေလံတင်ရောင်းချ

ပြင်သစ်ပန်းချီကျော် ပေါ်လ် ဂူဂင်၏ ရှားပါးလက်ရာကို ဒေါ်လာ ၁၀ သန်းကျော်ဖြင့် လေလံတင်ရောင်းချ

ပြင်သစ် ပန်းချီကျော် ပေါ်လ် ဂူဂင်သည် တီဟီတီကျွန်းတွင် နေထိုင်စဉ် ရေးဆွဲခဲ့သောပန်းချီကားများထဲမှ ရှားပါးပန်းချီကားတစ်ချပ်ကို ဒီဇင်ဘာ ၃ ရက်ကပါရီမြို့တွင် လေလံတင်ရောင်းချရာ အများဆုံးရနိုင်မည်ဟုခန့်မှန်းထားသည့် တန်ဖိုးထက် နှစ်ဆနီးပါးကျော်လွန်ကာ ယူရို ၉ ဒသမ ၅ သန်း (ဒေါ်လာ ၁၀ ဒသမ ၅ သန်း) ရရှိခဲ့သည်။

တီဟီတီကျွန်းတွင် နေထိုင်စဉ် ကျွန်းသူများနှင့်ဂူဂင်၏ ဆက်ဆံရေးကိုလူအများကယနေ့ထိတိုင် စိတ်ဝင်စားနေဆဲဖြစ်သလို၊ ကျွန်းသူများကိုဂူဂင်ပုံဖော်ရေးဆွဲခဲ့သည့် ပန်းချီကားများအပေါ်လည်းစိတ်ဝင်စားမှု မြင့်တက်နေဆဲဖြစ်ကြောင်း ယခုလိုမှန်းချက်ထက်ကျော်လွန်ပြီးလေလံဈေးရရှိခဲ့ခြင်းကသက်သေခံလျက်ရှိသည်။

၁၈၉၇ ခုနှစ်ကရေးဆွဲခဲ့သည့် TeBourao IIပန်းချီကားသည် ယူရိုငါးသန်းမှ ခုနစ်သန်းကြားရရှိမည်ဟုခန့်မှန်းချက်ကိုကျော်လွန်ခဲ့ခြင်းဖြစ်သည်။ TeBourao IIသည် တီဟီတီဘာသာစကားအရသစ်ပင်ဟု အဓိပ္ပာယ်ရသည်။

နိုင်ငံတကာအနုပညာစုဆောင်းသူတစ်ဦးကဝယ်ယူသွားခြင်းဖြစ်ပြီး တီဟီတီ ရှုခင်းကိုရေးဆွဲထားသည့် ထိုပန်းချီကားကို ပြင်သစ်နိုင်ငံအတွင်းမှာပင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်းလည်းလေလံကုမ္ပဏီ Artcurial က ပြောသည်။

တီဟီတီတွင် ဂူဂင်ရေးဆွဲခဲ့သည့် ပန်းချီကားအများစုသည် သီးသန့် အနုပညာစုဆောင်းသူများလက်ထဲတွင်ရှိနေပြီးလေလံတင်ရောင်းချမှုမှာမူ ရှားပါးသည်။လန်ဒန် အမျိုးသားအနုပညာပြတိုက်တွင်လည်း လက်ရှိ၌ ဂူဂင်၏ လက်ရာများကို ပြပွဲကျင်းပလျက်ရှိသည်။