စက်တင်ဘာလကကွယ်လွန်ခဲ့သောဇင်ဘာဘွေ သမ္မတဟောင်းရောဘတ် မူဂါဘီသည် ဒေါ်လာ ၁၀ သန်းနှင့် အိမ်အများအပြားပိုင်ဆိုင်မှုကျန်ရစ်ကြောင်း အစိုးရတရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ဝေဖန်သူများကမူ နိုင်ငံကို ၃၇ နှစ်ကြာအုပ်ချုပ်ခဲ့ကာအကျင့်ပျက်ခြစားမှု၊ စည်းစိမ်ခံမှု အများအပြားဖြင့် စွပ်စွဲခံခဲ့ရသောမူဂါဘီသည် ထို့ထက် အဆများစွာပိုင်ဆိုင်နိုင်ကြောင်း၊ တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်သည် နည်းလွန်းနေကြောင်းထောက်ပြလျက်ရှိသည်။ နိုင်ငံပိုင် ဟာရဲသတင်းစာတွင် ပိုင်ဆိုင်မှုကြေညာချက် ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပြီးမူဂါဘီ၏ ပြည်ပတွင် ပိုင်ဆိုင်မှုများကိုမူထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။တောင်အာဖရိကနှင့် အာရှဒေသများတွင် မူဂါဘီပိုင်ဆိုင်မှု အများအပြားရှိကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်။
ဥပဒေသတ်မှတ်ချက်အရကျန်ရစ်သည့် ပိုင်ဆိုင်မှုများကိုမူဂါဘီ၏ ဇနီးဂရေ့စ်နှင့် သားသမီးများအမွေဆက်ခံခွင့် ရရှိမည်ဟုရှေ့နေများက ပြောသည်။ ဒေါ်လာဆယ်သန်းနှင့် နေအိမ်အချို့အပြင် စိုက်ခင်းတစ်ခင်း၊ ကားဆယ်စီးနှင့် ၂၇ ဧကကျယ်သည့် မြေယာများလည်းကျန်ရစ်သည်။ မြေယာများထဲတွင် မူဂါဘီ၏ ဇာတိကျေးလက်နေအိမ်ဝင်းလည်းပါဝင်ပြီးသမီးဖြစ်သူဘိုနာ၏ အမည်နှင့် ပိုင်ဆိုင်မှု မှတ်ပုံတင်ထားသည်။
ပြည်သူ့ဆန္ဒပြပွဲများပေါ်ပေါက်ကာ ၄င်း၏ အာဏာရပါတီနှင့် စစ်ဘက်တို့ကဖိအားပေးမှုကြောင့် လွန်ခဲ့သော နှစ်နှစ်ခန့်က မူဂါဘီသည် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ကင်ဆာရောဂါကိုစင်ကာပူတွင် ကုသမှုခံယူရင်းစက်တင်ဘာလကသေဆုံးခဲ့သည်။
မူဂါဘီ နုတ်ထွက်ပြီးနောက်ပိုင်းဇင်ဘာဘွေနိုင်ငံသည် လူမှုစီးပွားကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍ ပိုမိုအကျပ်ဆိုက်လျက်ရှိကြောင်း ပြည်သူအများကသဘောထား ရှိနေကြသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအရေး ကျွမ်းကျင်သူများကလည်းစစ်မက်ဖြစ်ပွားနေခြင်းမရှိသော နိုင်ငံများထဲတွင် ဇင်ဘာဘွေသည် ပြည်သူအများစားနပ်ရိက္ခာ ပြတ်လပ်မည့်အန္တရာယ် ကြီးကြီးမားမား ကြုံနေရသည့် နိုင်ငံဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း သတိပေးပြောကြားခဲ့သည်။

















