အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ပြည်ပအစိုးရအကူအညီရယူကာလုပ်ပိုင်ခွင့် အလွဲသုံးစား ပြုမူခဲ့သလို၊ လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုများကိုလည်းတားဆီးနှောင့်ယှက်ခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်တွင် အတိုက်အခံဒီမိုကရက်များထုတ်ပြန်သည့် လွှတ်တော် အစီရင်ခံစာက ဆိုသည်။
အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ ဒီမိုကရက် ကိုယ်စားလှယ်များမှ ထုတ်ပြန်သောစာမျက်နှာ ၃၀ဝ ပါရှိသည့် အစီရင်ခံစာသည် ဇူလိုင် ၂၅ ရက်က သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဗလာဒီမာ ဇီလန်းစကီးတို့ ဖုန်းဆက်ဆွေးနွေးမှုအပေါ် အခြေခံထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတွင်းအဓိကပြိုင်ဘက်ဖြစ်လာနိုင်သည့် ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒင်၏ သားဖြစ်သူဟန်တာဘိုင်ဒင်က ယူကရိန်းတွင် အလုပ်နေရာကောင်းရခဲ့ပုံသည် ရိုးသားမှု ရှိမရှိစုံစမ်းပေးရန် သမ္မတထရမ့်က သမ္မတဇီလန်းစကီးကိုဖိအားပေးခဲ့သည်။
ထိုသို့ ဖိအားပေးနိုင်ရန်အတွက် ယူကရိန်းကိုချထားပေးမည့် စစ်ရေးအကူအညီဒေါ်လာသန်းလေးရာကျော်ကိုလည်းသမ္မတထရမ့်က ယာယီဆိုင်းငံ့ထားခဲ့ကြောင်း ဒီမိုကရက်များက စွပ်စွဲလျက်ရှိသည်။သမ္မတထရမ့်၏ လုပ်ရပ်သည် စွပ်စွဲပြစ်တင် ဖြုတ်ချခံရလောက်သည့် လုပ်ရပ်ဖြစ်ကြောင်းကိုမူ အစီရင်ခံစာထဲတွင် ထည့်သွင်းရေးသားထားခြင်းမရှိပေ။
အစီရင်ခံစာကိုအောက်လွှတ်တော် တရားရေးကော်မတီက အကဲဖြတ်ကာ သမ္မတထရမ့်ကိုစွပ်စွဲပြစ်တင်ရေးအား လွှတ်တော်တွင် မဲခွဲသင့် မသင့်ကိုဆုံးဖြတ်သွားမည်ဖြစ်သည်။ သမ္မတထရမ့်သည် ပြည်သူများ၏ အကျိုးစီးပွားထက် ၄င်း၏ နိုင်ငံရေးအကျိုးစီးပွားကိုသာရှေ့တန်းတင် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ အဒမ် ရှစ်က ပြောသည်။
အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးတာဝန်ခံစတက်ဖနီဂရေရှမ်ကမူ ဒီမိုကရက်များ၏ အစီရင်ခံစာသည် အပြစ်ရှိကြောင်း ပြသနိုင်သည့် ခိုင်လုံအားကောင်းသောသက်သေအချက်အလက်များအပေါ် အခြေခံထားခြင်းမရှိကြောင်း ဝေဖန်ပြောကြားထားသည်။

















