ဘရိုက်တန်အားရှုံးနိမ့်ခဲ့၍ အာဆင်နယ်အသင်း ကိုးပွဲဆက်အနိုင်မဲ့ ၁၉၇၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်ဖြင့် ရင်ဆိုင်နေရ

ဘရိုက်တန်အားရှုံးနိမ့်ခဲ့၍ အာဆင်နယ်အသင်း ကိုးပွဲဆက်အနိုင်မဲ့ ၁၉၇၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်ဖြင့် ရင်ဆိုင်နေရ

အာဆင်နယ်အသင်းသည် ဒီဇင်ဘာ ၅ ရက်က အိမ် ကွင်းတွင် ပရီးမီးယားလိဂ် ၁၅ အဖြစ် ဘရိုက်တန်နှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံးကစားခဲ့သော ကိုးပွဲဆက်အနိုင်မဲ့ကာ အခြေ အနေပိုဆိုးလာကြောင်း သိရသည်။

အာဆင်နယ်ယာယီ နည်းပြ ယွန်းဘတ်သည် တိုက်စစ်တွင် လာကာဇက်တီကို အထောင်ထားခဲ့ပြီး အော်ဘာမီယန်၊ အိုဇေးလ်၊ တော်ရီရာ၊ ဇာကာနှင့် ဝီလ်လော့ခ်တို့ကို အသုံးပြုခဲ့သည်။

ဘရိုက်တန် အသင်းမှာ အာဆင်နယ်ကွင်းတွင် မာမာထန်ထန်ကစား ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်၌ဂိုးရခဲ့ရာ ဝက်ဘ်စတာက သွင်းယူ ခဲ့သည်။ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီသည် ပွဲချိန်မိနစ် ၅၀ တွင် ချေပဂိုးသွင်းယူခဲ့သည်။ အာဆင်နယ် သည် အိမ်ကွင်းကစားခဲ့ရသော်လည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးမရခဲ့သည့်အပြင် ဂိုးပေါက်တည့်ကန်သွင်းမှု ငါးကြိမ်သာရခဲ့သည်။

ဘရိုက်တန်သည် ပွဲချိန် မိနစ် ၈၀ တွင် အနိုင်ဂိုးရရှိ ခဲ့ပြီး မာပေးက သွင်းယူခဲ့သည်။ အာဆင်နယ်သည် ချေပဂိုး ပြန်သွင်းနိုင်ရန် နောက်ဆုံးအချိန်ထိကြိုးစားခဲ့သော်လည်း ပွဲရလဒ်မပြောင်းခဲ့ပေ။ အာဆင်နယ်သည် ၁၉၇၇ ခုနှစ်  နောက်ပိုင်း ၄၂ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေ တစ်ရပ်ဖြင့် ရင်ဆိုင်နေရသည်။

အာဆင်နယ်သည် ၁၉၇၇ ခုနှစ် မတ်လက ၁၀ ပွဲဆက်တိုက်အနိုင်ပျောက်ခဲ့ပြီးနောက် လက်ရှိတွင် ပွဲအရှည်ကြာဆုံးအဖြစ် နိုင်ပွဲမဲ့နေသည်။ အာ ဆင်နယ်သည် အောက်တိုဘာ ၂၄ ရက်က ဂူမာရေးစ် ကို အနိုင်ရပြီးနောက် ကိုးပွဲဆက်အနိုင်ပျောက်ခဲ့သည်။

အာဆင်နယ်သည် ၁၉၉၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အဖြစ် ပရီးမီးယားလိဂ်အိမ်ကွင်းလေးပွဲဆက်တိုက် တစ်ပွဲမှ အနိုင်မရခဲ့ပေ။

ယွန်းဘတ်က "ယုံကြည်မှု ပျောက်ဆုံးနေတာက ဘယ်နည်းပြလာလာ စိုးရိမ်စရာပါ။ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်"ဟု ဆိုခဲ့သည်။ အာဆင်နယ်သည် ဒီဇင်ဘာ ၉ ရက်တွင် ဝက်စ်ဟမ်းကွင်း၌ လန်ဒန်ဒါဘီပွဲ ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး