ဖိလစ်ပိုင်၌ ရေကြီးရေလျှံမှုကြောင့် လူ ၆၆၀ဝ၀ ခန့် နေအိမ်စွန့်ခွာခဲ့ရ

ဖိလစ်ပိုင်၌ ရေကြီးရေလျှံမှုကြောင့် လူ ၆၆၀ဝ၀ ခန့် နေအိမ်စွန့်ခွာခဲ့ရ

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးရေကြီးရေလျှံမှုကြောင့် လူ ၆၆၀ဝ၀ သည် နေအိ်မ်များကို စွန့်ခွာခဲ့ရကြောင်း အစိုးရအရာရှိများက ဒီဇင်ဘာ ၆ ရက်တွင် ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်ရှိ အကြီးဆုံးကျွန်းဖြစ်သည့် လူဇွန် မြောက်ဖျားပိုင်းသို့ မုန်တိုင်းတစ်ခုပြီး တစ်ခုဝင်ရောက်တိုက်ခတ်ခဲ့ကာ ယခုအပတ်အတွင်း တိုင်ဖွန်းကမ်မူရီကြောင့် မုတ်သုန်မိုးပိုမိုပြင်းထန်ခဲ့သည်။ မြစ်များရေလျှံခဲ့မှုကြောင့် စိုက်ခင်းများ ရေလွှမ်းခံခဲ့ရပြီး ရေမျက်နှာပြင်တစ်လျှောက်တွင် သစ်ပင်ထိပ်ဖျားများကိုသာ မြင်တွေ့ရတော့သည်။မြေပြိုမှုများကြောင့် လမ်းများပျက်စီးကာ မြို့နယ်များကြား အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေကို အတည်မပြုနိုင်သေးကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် လူ ၆၆၀ဝ၀ ခန့်သည် နေအိမ်များကိုစွန့်ခွာခဲ့ရပြီး အချို့ကို အရေးပေါ်ကယ်ဆယ်ရေးသမားများက စက်လှေများဖြင့် လိုက်လံကယ်တင်ခဲ့ရကြောင်း ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနက ပြောဆိုခဲ့သည်။

နိုင်ငံမြောက်ပိုင်း၌ မုတ်သုန်ရာသီတစ်စိတ်တစ်ပိုင်းအဖြစ် မိုးသည်းထန်စွာရွာသွန်းနေသည်မှာ တစ်လကြာမြင့်ခဲ့ပြီဖြစ်ပြီး ဖိလစ်ပိုင်သို့ တိုင်ဖွန်းမုန်တိုင်းသုံးခုခန့်ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် အခြေအနေပိုမိုဆိုးရွားလာခဲ့သည်။

ယခုအပတ်အတွင်း တိုင်ဖွန်းကမ်မူရီ ဖိလစ်ပိုင်သို့ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီးဖြစ်သည်။