ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ဒီဇင်ဘာ ၆ ရက်က ခြောက်ထပ်တိုက်တစ်လုံး ပြိုကျမှုကြောင့် လေးဦးထက်မနည်းသေဆုံးကာ အပျက်အစီးများအောက် ပိတ်မိနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ပြိုကျအပျက်အစီးများအောက်မှ လူ ၂၁ ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်း နိုင်ရိုဘီရဲချုပ် ဖိလစ် ဒိုလိုကပြောသည်။ ပြိုကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။ ခြောက်ထပ်တိုက်တွင် မိသားစု ၂၂ စုနေထိုင်ကြောင်းကင်ညာ ကြက်ခြေနီအဖွဲ့ကပြောသည်။ တိုက်ပိုင်ရှင်သည် အခြားတွင် နေထိုင်သူဖြစ်ပြီးဆက်သွယ်ရန် ကြိုးစားဆဲဟု အာဏာပိုင်များက ပြောသည်။
တိုက်ပြိုကျပြီးနောက် လူအများသည် အပျက်အစီးများကိုလက်ဗလာဖြင့် ဝိုင်းဖယ်ရှားကာ ပိမိနေသူများကိုရှာဖွေကယ်ဆယ်ခဲ့ကြသည်။နောက်ပိုင်းတွင် ဝန်ချီစက်များသုံးကာ အပျက်အစီးများကိုဖယ်ရှားပြီး ကယ်ဆယ်ရေးများဆက်လက်ဆောင်ရွက်ခဲ့သည်။အပျက်အစီးများအောက်မှ အသက်ရှင်လျက် လူတစ်ဦးကိုကယ်ထုတ်လာနိုင်ချိန်တွင် ဝိုင်းကူညီနေသောလူအုပ်ကြီးသည် သြဘာပေးခဲ့ကြပြီး သေဆုံးသူတစ်ဦးကိုစောင်နှင့်ပတ်ကာသယ်ထုတ်လာချိန်တွင်ကား တိတ်ဆိတ်စွာဖြင့် ကြည့်ရှုနေခဲ့ကြကြောင်း ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရသည်။
ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သော နိုင်ရိုဘီတွင် လူနေထူထပ်သဖြင့် အိမ်ရာလိုအပ်ချက် ကြီးမားနေပြီးစံချိန်စံညွှန်းမလိုက်နာဘဲဆောက်လုပ်သည့် နေအိမ်တိုက်တာများလည်းများပြားလျက်ရှိသည်။ ၂၀၁၅ ခုနှစ်ကရှစ်ထပ်တိုက်တစ်လုံးပြိုကျကာလူ ၁၅ ဦးသေဆုံးခဲ့ရပြီးနောက် သမ္မတဟူရူကန်ယတ်တာသည် နိုင်ငံတစ်ဝန်းအဆောက်အအုံများလူနေထိုင်ရန် စံချိန်စံညွှန်းမီခြင်းရှိမရှိစစ်ဆေးအကဲဖြတ်ရန် ညွှန်ကြားခဲ့သည်။
ကင်ညာဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ကစစ်ဆေးအကဲဖြတ်ချက်အရ မြို့တော် နိုင်ရိုဘီ၏ အဆောက်အအုံ ၅၈ ရာခိုင်နှုန်းသည် လူနေထိုင်ရန် စံချိန်စံညွှန်းမမီကြောင်းတွေ့ရှိခဲ့ရသည်။


















