ဆလိုဗားကီးယားနိုင်ငံအရှေ့ပိုင်းတွင် အထပ်မြင့်တိုက်တစ်လုံး၌ ဒီဇင်ဘာ ၆ ရက်ကဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
မီးသတ်တပ်ဖွဲ့များက ယင်းအဆောက်အအုံတွင် နေထိုင်သူများကိုဘေးကင်းရာသို့ ကယ်ထုတ်ပေးခဲ့ပြီးတိုက်သည် ပြိုကျမည့်အန္တရာယ်ရှိနေသည်။ ပရက်ဆော့ဗ်မြို့ရှိ ၁၂ ထပ်တိုက် အဆောက်အအုံ၏ အပေါ်ပိုင်းအထပ်များတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နေ့လယ်ပိုင်းတွင် ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားပြီးညနေပိုင်းရောက်ချိန်တွင် အပေါ်ဆုံးသုံးထပ်သည် လုံးဝမီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့က ပြောသည်။
မီးသတ်တပ်ဖွဲ့သာမကစစ်ဘက် ရဟတ်ယာဉ် ခုနစ်စင်းကလည်းကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီခဲ့ကြကာ တိုက်ခေါင်မိုးပေါ်ရှိလူများကိုကယ်ဆယ်နိုင်ခဲ့သည်။ ရှာဖွေတွေ့ရှိသူတိုင်းကိုကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၄၀ ကျော်သည် မစိုးရိမ်ရသည့်ဒဏ်ရာများသာရရှိခဲ့ကြကြောင်းကယ်ဆယ်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံအလီနာကာကိုဗာက ပြောသည်။
မီးလောင်ပျက်စီးသည့် အထပ်များတွင် ရှာဖွေကယ်ဆယ်ရေးများဆက်လက်ဆောင်ရွက်နေသဖြင့် သေဆုံး၊ ဒဏ်ရာရစာရင်းများထပ်တိုးကောင်းတိုးလာနိုင်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။
ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲကာမီးသင့်ပျက်စီးသည့် အဆောက်အအုံတွင် နေထိုင်သူများကိုအနီးရှိကျောင်းတစ်ကျောင်းတွင် ယာယီနေရာချပေးထားကြောင်း မြို့ဝန် အန်ဒရီတာကာနိုဗာက ပြောသည်။ ဆလိုဗားကီးယားဝန်ကြီးချုပ် ပီတာပယ်လာရီနီသည်လည်း ဝန်ကြီးအဖွဲ့နှင့်အတူအခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။


















