အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် အန္နာယိုခရိုင်၌ ၂၀၁၈ ခုနှစ်တွင် အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရပြီးနောက် ယင်းအမှုအတွက် ဒီဇင်ဘာ ၅ ရက်တွင် တရားရုံးသို့လာရောက်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားငါးဦးက ဓားဖြင့်ထိုးပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့မှုကြောင့် ဒီဇင်ဘာ ၆ ရက် ဒေသဆိုင်ရာစံတော်ချိန် ည ၁၁ နာရီ မိနစ် ၄၀ တွင် သေဆုံးခဲ့သည်။
ဒီဇင်ဘာ ၅ ရက်က တိုက်ခိုက်ခဲ့သူများတွင် အမျိုးသမီးကို လိင်ပိ်ုင်းအနိုင်ကျင့်ခဲ့သူများအဖြစ် သံသယရှိသူ နှစ်ဦးပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် သေနတ်ထောက်ပြီး ခြိမ်းခြောက်ကာ လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း အမျိုးသမီးက အန္နာယိုရဲတပ်ဖွဲ့စခန်းသို့ ယခုနှစ် မတ်တွင် တိုင်ကြားခဲ့သည်။
ယင်းနောက်တွင် ထောင်ဒဏ်ကျခံခဲ့ရသည့် လိင်ပိုင်းအနိုင်ကျင့်သူတစ်ဦးသည် လွန်ခဲ့သောအပတ်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း လက်ခ်နောင်းရှိ ရဲအရာရှိ အက်စ်ကေ ဗာဂတ်က ပြောဆိုခဲ့သည်။
အမျိုးသမီးသည် ဒီဇင်ဘာ ၅ ရက်တွင် ရေးဘာရဲလီ၌ ရှေ့နေများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာ လမ်းတွင် အမျိုးသားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ မီးလောင်ခံထားရချိန်တွင် အကူအညီတောင်းခံခဲ့သည်။ ကူညီသူများရောက်ရှိလာချိန်တွင် အမျိုးသမီး၏ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်း မီးလောင်ခံခဲ့ရပြီးဖြစ်သည်။ ယင်းနောက် အမျိုးသမီးကို အန္နာယိုမှ ကန်ပူ၊ ကန်ပူမှ လက်ခ်နောင်း၊ လက်ခ်နောင်းမှ မြို့တော် နယူးဒေလီရှိ ဆက်ဒါဂျန်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ နှလုံးဖောက်ပြန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆက်ဒါဂျန်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ဥတ္တရာပရာဒေ့ရှ်ပြည်နယ်သည် အိန္ဒိယတွင် လူဦးရေအထူထပ်ဆုံးဖြစ်ပြီး အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကိုဖြေရှင်းရာတွင် ထိရောက်မှုမရှိခြင်းနှင့်ပတ်သက်၍ နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ၂၀၁၇ ခုနှစ်တွင် လိင်ပိ်ုင်းအနိ်ုင်ကျင့်မှု ၄၂၀ဝ ကျော်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

















