တရုတ်နိုင်ငံအား ချေးငွေထုတ်ပေးနေခြင်း ရပ်ဆိုင်းရန်ကမ္ဘာ့ဘဏ်ကို ထရမ့် တိုက်တွန်း

တရုတ်နိုင်ငံအား ချေးငွေထုတ်ပေးနေခြင်း ရပ်ဆိုင်းရန်ကမ္ဘာ့ဘဏ်ကို ထရမ့် တိုက်တွန်း

တရုတ်နိုင်ငံသည် ငွေကြေးချမ်းသာပိုလျှံနေသည်ဖြစ်သောကြောင့် တရုတ်ကိုချေးငွေထုတ်ပေးနေခြင်းရပ်ဆိုင်းရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၆ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

အမေရိကန်ကကန့်ကွက်နေသည့်တိုင် ကမ္ဘာ့ဘဏ်ကတရုတ်ကိုချေးငွေချထားပေးမည့် အစီအစဉ်ကိုအတည်ပြုခဲ့မှုအပေါ် ထရမ့်က ဝေဖန်ပြောကြားခြင်းလည်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇွန်လအထိတရုတ်ကို နှစ်စဉ် အမေရိကန်ဒေါ်လာတစ်ဘီလျံမှ ၁ ဒသမ ၅ ဘီလျံကြားအတိုးနည်းချေးငွေ ထုတ်ပေးရန် ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။ ပြီးခဲ့သောငါးနှစ်ကာလက နှစ်စဉ်ပျမ်းမျှ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံခန့် ချေးငွေချထားပေးခဲ့ရာမှ လျော့နည်းလာခြင်းလည်း ဖြစ်သည်။

“ကမ္ဘာ့ဘဏ်ကတရုတ်ကိုဘာကိစ္စ ချေးငွေထုတ်ပေးနေတာလဲ။ တရုတ်မှာငွေတွေ အများကြီးရှိတယ်။ မရှိရင်တောင် ရှိအောင် ဘယ်လိုဖန်တီးရမလဲတရုတ်ကသိတယ်။ ချေးငွေ ထုတ်ပေးနေတာတွေ ရပ်ပါ” ဟုထရမ့်က တွစ်တာတွင် ရေးသားထားသည်။

တရုတ်အားချေးငွေထုတ်ပေးနေမှု ရပ်ဆိုင်းရေးသမ္မတထရမ့် မှတ်ချက်နှင့် ပတ်သက်ပြီးအိမ်ဖြူတော်နှင့် ကမ္ဘာ့ဘဏ်တို့ကတရားဝင် မှတ်ချက်ပေးခြင်းမရှိသေးပေ။ ကမ္ဘာ့ဘဏ်သည် ဇွန် ၃၀ ရက်တွင် အဆုံးသတ်ခဲ့သည့် ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် တရုတ်ကိုဒေါ်လာ ၁ ဒသမ ၃ ဘီလျံချေးငွေ ထုတ်ပေးခဲ့သည်။ ၂၀၁၇ ဘဏ္ဍာရေးနှစ်ကဒေါ်လာ ၂ ဒသမ ၄ ဘီလျံထိချေးငွေထုတ်ပေးခဲ့ရာမှ ကျဆင်းလာခြင်းလည်း ဖြစ်သည်။

တရုတ်သည် စီးပွားတိုးတက်လာမှုကြောင့် ကမ္ဘာ့ဘဏ်သည် ချေးငွေချထားပေးမှုကို ဖြည်းဖြည်းချင်း 
လျှော့ချလျက်ရှိသော်လည်းအမေရိကန် အစိုးရကမူတရုတ်ကိုအတိုးနည်းချေးငွေချထားပေးမှု လုံးဝရပ်ဆိုင်းရန် ကမ္ဘာဘဏ်ကို ဖိအားပေးလျက်ရှိသည်။