ဂျပန်သိပ္ပံပညာရှင်များ အီဘိုလာကာကွယ်ဆေးသစ်ကို လူသားတွင် စမ်းသပ်မည်

ဂျပန်သိပ္ပံပညာရှင်များ အီဘိုလာကာကွယ်ဆေးသစ်ကို လူသားတွင် စမ်းသပ်မည်

ဂျပန်သိပ္ပံပညာရှင်များသည် အီဘိုလာကာကွယ်ဆေးသစ်တစ်မျိုးကို ယခုလအတွင်း လူသားတွင် စတင်စမ်းသပ်မည်ဖြစ်ကြောင်း တိုကျိုတက္ကသိုလ်ရှိ ဆေးသိပ္ပံအင်စတီကျုက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အီဘိုလာကာကွယ်ဆေးကို မျောက်များတွင် စမ်းသပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။ ထိထိရောက်ရောက်ထုတ်လုပ်နိုင်ပြီး လုံခြုံမှုရှိသည့် ကာကွယ်ဆေးသစ်ဖြစ်လာမည်ဟုမျှော်လင့်ကြောင်း တက္ကသိုလ်ရှိ ကူးစက်ရောဂါဌာနမှ ပါမောက္ခ ယိုရှီဟီရို ကာဝါအိုကာကပြောဆိုခဲ့သည်။

တက္ကသိုလ်သည် ကာကွယ်ဆေးသစ်ကို လူသားတွင် စမ်းသပ်မှုကို ဒီဇင်ဘာအကုန်ပိုင်းတွင်စတင်မည်ဖြစ်သည်။ ကျန်းမာပြီး အရွယ်ရောက်သည့် အမျိုးသား ၃၀ ဦးတို့အား လေးပတ်စီခြားပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပေးမည်ဖြစ်သည်။ ယင်းနောက်တွင် ဘေးထွက်ဆိုးကျိုးရှိမရှိနှင့် အီဘိုလာကာကွယ်နိုင်စွမ်းဖွံ့ဖြိုးလာခြင်းရှိမရှိတို့ကို စောင့်ကြည့်မည်ဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ်သည် သွေး၊ ခန္ဓာကိုယ်ရှိအရည်၊ ရောဂါကူးစက်ခံထားရသူနှင့် အီဘိုလာဖြင့် သေဆုံးသူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကိုထိတွေ့ရာမှ ကူးစက်တတ်သည်။ သေဆုံးမှုနှုန်းမြင့်မားပြီး ဖြစ်ပွားမှုအချို့တွင် သေဆုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောဆိုခဲ့သည်။

rVSV-ZEBOV နှင့် Johnson & Johnson ၏ ဘယ်လ်ဂျီယံကုမ္ပဏီခွဲက ထုတ်လုပ်သော ဆေးအပါအဝင် အီဘိုလာကာကွယ်ဆေးများစွာကိုထုတ်လုပ်ထားနိုင်ပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ လွန်ခဲ့သောလမှစကာ အသုံးပြုခဲ့သည်။

လွန်ခဲ့သော ၁၅ လအတွင်း ကွန်ဂို၌ အီဘိုလာကြောင့် လူ ၂၀ဝ၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။ ယင်းသည် လူ ၁၁၀ဝ၀ ဦးသေဆုံးစေခဲ့သည့် ၂၀၁၄-၂၀၁၆ ဖြစ်ပွားမှုပြီးနောက် ဒုတိယအကြိမ်ဖြစ်ပွားမှုဖြစ်သည်။ ကွန်ဂို၌ ၁၉၇၆ ခုနှစ်စ၍ ယခုအချိန်အထိ အီဘိုလာ ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။