ဗြိတိန်၌ ၂၀၁၀ ပြည့်နှစ်မှစ၍ စာကြည့်တိုက် ၈၀ဝ ခန့်ကို ပိတ်သိမ်းခဲ့ရပြီးဖြစ်

ဗြိတိန်၌ ၂၀၁၀ ပြည့်နှစ်မှစ၍ စာကြည့်တိုက် ၈၀ဝ ခန့်ကို ပိတ်သိမ်းခဲ့ရပြီးဖြစ်

ဗြိတိန်နိုင်ငံ၌ ကွန်ဆာဗေးတစ်အစိုးရက ခြွေတာရေးကျင့်သုံးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစ၍ စာကြည့်တိုက် ၈၀ဝ ခန့်ကို ပိတ်သိမ်းခဲ့ရပြီးဖြစ်ကြောင်း မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများအရ သိရသည်။

ဗြိတိန်၌ ၂၀၁၀ ပြည့်နှစ်မှစ၍ စာကြည့်တိုက် ၇၃၃ ခုကို ပိတ်သိမ်းခဲ့ရပြီးဖြစ်ကာ လက်ရှိတွင် ၃၅၈၃ ခုကျန်ရှိနေသေးကြောင်း အများပြည်သူဘဏ္ဍာရေးနှင့်စာရင်းအင်းချာတာအင်စတီကျု(ဆစ်ဖာ)က နှစ်စဉ်ပြုလုပ်နေကျ စစ်တမ်းတွင်ဖော်ပြထားသည်။ ဗြိတိန်ရှိ စာကြည့်တိုက်စုစုပေါင်း၏ ငါးပုံတစ်ပုံကို ပိတ်သိမ်းခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် လစာရရှိသည့် စာကြည့်တိုက်ဝန်ထမ်းဦးရေသည်လည်း ကျဆင်းသွားခဲ့သည်။ ၂၀ဝ၉-၂၀၁၀ အတွင်း လစာရရှိသည့် စာကြည့်တိုက်ဝန်ထမ်း ၂၄၀ဝ၀ ရှိခဲ့သော်လည်း ယမန်နှစ်တွင် ၁၅၃၀ဝ ဦးနှင့် စေတနာ့ဝန်ထမ်း ၅၁၀ဝ၀ သာရှိတော့ကြောင်း ဆစ်ဖာကပြောဆိုခဲ့သည်။

စာကြည့်တိုက်သို့လာရောက်သည့် စာဖတ်၊ စာငှားသူဦးရေသည်လည်း ကျဆင်းသွားခဲ့သည်။ ၂၀ဝ၉-၂၀၁၀ ခုနှစ်အတွင်း စာကြည့်တိုက်သို့ စာဖတ်၊စာငှားရန် လာရောက်မှု အကြိမ် ၃၁၅ သန်း ရှိခဲ့ပြီး ယမန်နှစ်အတွင်း အကြိမ် ၂၂၆ သန်းရှိခဲ့သည်။

စာကြည့်တိုက်များပိတ်သိမ်းရသည်မှာ ဒေသဆိုင်ရာအာဏာပိ်ုင်များစီမံမှုညံ့ဖျင်းခြင်းကြောင့်သာဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယခုအပတ်အစောပိုင်းတွင်  ဘီဘီစီသို့ပြောဆိုခဲ့သည်။ သို့သော် ဗဟိုအစိုးရသည် စာကြည့်တိုက်များတိုးတက်ကောင်းမွန်ရေးအတွက် တာဝန်ယူရမည်ဟု ၁၉၆၄ ပြည်သူ့စာကြည့်တိုက်ဥပဒေတွင်ဖော်ပြထားကြောင်း စာကြည့်တိုက်အသင်းအမှုဆောင်အရာရှိ နစ်ပူးက ပြောဆိုခဲ့သည်။