အမေရိကန် ရေတပ်အခြေစိုက်စခန်းတွင် ဆော်ဒီလေတပ်သင်တန်းသားပစ်ခတ်မှုကြောင့် သုံးဦးသေဆုံး

အမေရိကန် ရေတပ်အခြေစိုက်စခန်းတွင် ဆော်ဒီလေတပ်သင်တန်းသားပစ်ခတ်မှုကြောင့် သုံးဦးသေဆုံး

အမေရိကန် ရေတပ်အခြေစိုက်စခန်းတစ်ခုတွင် ဆော်ဒီမှ စစ်သင်တန်းသားတစ်ဦးဒီဇင်ဘာ ၆ ရက်ကပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ၊ သေနတ်သမားကိုရဲတပ်ဖွဲ့က အသေပစ်ခတ်လိုက်ရသည်။

ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာရေတပ်နှင့်လေတပ်စခန်းစာသင်ဆောင်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီးရှစ်ဦးဒဏ်ရာရရှိခဲ့ပြီးထိုအထဲတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်းပါဝင်သည်။ သေနတ်သမားသည် ဆော်ဒီအာရေဗျမှ လေတပ်သင်တန်းသားတစ်ဦးဖြစ်ကြောင်းဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်တီက ပြောသည်။

သေနတ်သမား၏ အမည်ကိုမူထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ ထိုရေတပ်နှင့်လေတပ်စခန်းတွင် ပြည်ပသင်တန်းသားရာဂဏန်းရှိကြောင်း သိရသည်။ ပန်ဆာကိုလာစခန်းတွင် စစ်အရာရှိ ၁၆၀ဝ၀ နှင့် အရပ်ဘက်ဝန်ထမ်း ၇၀ဝ၀ ကျော်ရှိသည်။

ပစ်ခတ်မှုကို ရှုတ်ချကြောင်းနှင့် သေဆုံးဒဏ်ရာရသူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းရကြောင်းဆော်ဒီအာရေဗျ ဘုရင် ဆယ်လ်မန်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံဖုန်းဆက် ပြောကြားခဲ့သည်။ သမ္မတထရမ့်ကလည်းဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွက် ဆော်ဒီဘုရင် ဆယ်လ်မန်ကိုယ်တိုင် ဖုန်းဆက်ကာဝမ်းနည်းစကားပြောကြားခဲ့ကြောင်းတွစ်တာတွင် ရေးသားထားသည်။

ရေတပ်နှင့်လေတပ်စခန်းဝင်းအတွင်းသို့ လုံခြုံရေးတာဝန်ရှိသူများသာ လက်နက်ယူဆောင်ခွင့်ရှိပြီး ဆော်ဒီလေတပ်သင်တန်းသားသည် မည်သို့မည်ပုံသေနတ်ယူသွင်းသွားသည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားသည်တွင် စစ်အခြေစိုက်စခန်းဝင်းရှိလုံခြုံရေးတပ်ဖွဲ့များနှင့် သေနတ်သမားတို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးရဲတပ်ဖွဲ့များရောက်ရှိချိန်တွင် သေနတ်သမားကိုအသေပစ်ခတ် သုတ်သင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်ကပင် ဟာဝိုင်အီရှိပုလဲဆိပ်ကမ်းရေတပ်စခန်းတွင် အမေရိကန်ရေတပ်သားတစ်ဦးပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ရပြီးထိုသူသည်လည်းမိမိကိုယ်ကိုယ် ပစ်ခတ်သတ်သေမှုဖြစ်ပွားခဲ့သည်။