ဘာစီလိုနာအဓိကတိုက်စစ်မှူး မက်ဆီသည် ၂ဝ၁၉ ခုနှစ် လိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်း၌ ထိပ်ဆုံးမှဦးဆောင်နေပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုမှာ ၂ဝ၁၉ ခုနှစ်တွင် လိဂ် ၁၃ ဂိုးသာသွင်းယူနိုင်ခဲ့၍ အဆင့် ၅၂ နေရာသို့ရောက်ရှိနေ ကြောင်း သိရသည်။
ဘော်လွန်းဒီအော်ဆုကို ပူပူနွေးနွေးရရှိထားသော ၃၂ နှစ်အရွယ်တိုက်စစ်မှူးမက်ဆီသည် ၂ဝ၁၉ ခုနှစ်၌ လာလီဂါ ၂၈ ပွဲကစားခဲ့ရာ ဂိုး ၃ဝ သွင်းယူခဲ့၍ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးမှာ ၂ဝ၁၉ ခုနှစ်၌ ဘွန်ဒက်စ်လီဂါပွဲ ၃ဝ ကစားခဲ့ရာ ၂၈ ဂိုးသွင်းယူနိုင်ခဲ့၍ ဒုတိယ လိုက်နေသည်။ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီမှာ ပြင်သစ်လီဂူး ၂၆ ပွဲကစားခဲ့ရာ ၂၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်စတာတိုက်စစ်မှူး ဘာဒီမှာလည်း ၂ဝ၁၉ ခုနှစ်၌ ပရီးမီးယားလိဂ် ၂၆ ဂိုးသွင်းယူကာ အစဉ်လိုက်ရပ်တည်နေသည်။
အမ်ဘတ်ပီနှင့် ဘာဒီတို့၏နောက်တွင် ဘန်ဇီမာ ၂၅ ဂိုး၊ မာနေး ၂၃ ဂိုး၊ အင်မိုဘိုင်း ၂၂ ဂိုး၊ အဂူရို ၂၁ ဂိုး၊ ဆီဖာရိုဗစ် ၂၁ ဂိုးနှင့် ဒမ်ဘီလီ ၂၁ ဂိုးတို့ ရပ်တည်ခဲ့သည်။ စီရိုနယ်ဒိုသည် ၂ဝ၁၈ ခုနှစ် လိဂ်ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၃၄ ပွဲကစားခဲ့ရာ ၃၆ ဂိုးသွင်းယူနိုင်ခဲ့ သည်။ စီရိုနယ်ဒိုသည် ၂ဝ၁၉ ခုနှစ်၌ စီးရီးအေ ၂၃ ပွဲ ကစားခဲ့ရာ ၁၃ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး တစ်ဂိုးသွင်းယူနိုင် ရန် ၁၅၄ မိနစ်အချိန်ပေးခဲ့ရသည်။
မက်ဆီသည် ၂ဝ၁၉ ခုနှစ်၌ လိဂ်တစ်ဂိုးသွင်းယူနိုင်ရန် ၇၃ မိနစ်သာ အချိန်ပေးခဲ့ရကြောင်း သိရသည်။















