လက်စတာအသင်းသည် ဗီလာနှင့်ကစားရမည့်ပွဲမတိုင်မီ နည်းပြ ဘရန်ဒန်ရော်ဂျာနှင့် စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
၄၆ နှစ်အရွယ် လီဗာပူးနည်းပြဟောင်း လည်းဖြစ်သူ ရော်ဂျာသည် အာဆင်နယ်အသင်း၏ ပစ်မှတ် နည်းပြ ဖြစ်နေသည်။ လက်စတာအသင်းတာဝန်ရှိသူများ သည် အာဆင်နယ်ပစ်မှတ်ဖြစ်နေသည့် နည်းပြရော်ဂျာ နှင့် ၂ဝ၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်နေသေးသော် လည်း ယခုအခါ လာမည့် ၂ဝ၂၅ ခုနှစ်အထိ သက်တမ်းတိုး မြှင့်ရန် သဘောတူညီမှုရရှိခဲ့သည်။
လက်စတာသည် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီက နည်းပြရော်ဂျာအား ဆဲလ်တစ် အသင်းထံမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
နည်းပြရော်ဂျာ၏လက်အောက်တွင် လက်စတာအသင်း မှာ ရလဒ်များကောင်းနေပြီး ပရီးမီးယားလိဂ် ၂၆ ပွဲကစား ခဲ့ရာ ၁၇ ပွဲ အနိုင်ရခဲ့သည်။ လက်စတာသည် ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌လည်း နိုင်ပွဲများ ဆက်နေသည်။ လက်စတာအသင်းနှင့် ဆုဖလားများ ဆွတ်ခူးရရှိရန် မျှော် လင့်ထားကြောင်း နည်းပြရော်ဂျာက ပြောကြားခဲ့သည်။
ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နည်းပြပြောင်းလဲမှု ငါးကြိမ်ရှိကြောင်း သိရသည်။ ဝက်ဖို့ဒ်သည် ယခုနှစ်တွင် ပထမဆုံး နည်းပြပြောင်းလဲခဲ့သည့် အသင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်က နည်းပြ ဖလောရက်စ်ကို ထပ်မံထုတ်ပယ်ခဲ့သည်။ စပါး၊ အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့မှာလည်း ရလဒ်ဆိုးများကြောင့် နည်းပြကိုယ်စီ ထုတ်ပယ်ထားသည်။ အာဆင်နယ်နှင့် အဲဗာတန်မှာ ကစားသမားဟောင်းများကိုသာ ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး အမြဲတမ်းနည်းပြ ရှာဖွေနေသည်။
ယခုရာသီတွင် နည်းပြပြောင်းလဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့သော ဝက်ဖို့ဒ်သည် နည်းပြသစ်အဖြစ် လက်စတာနည်းပြဟောင်း ပီယာဆန်ကို ရာသီကုန်ထိ ခန့်အပ်လိုက်ကြောင်း သိရသည်။
ပီယာဆန်သည် ၂ဝ၁၅ ခုနှစ် မေလက လက်စတာအသင်းမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။ ပီယာဆန်သည် ဒါဘီနှင့် ဘယ်လ်ဂျီယံ ပထမတန်းကလပ် လီဗန်တို့ကိုလည်း နည်းပြ ခဲ့ဖူးသည်။















