လိင်ပိုင်းအနိုင်ကျင့်မှုသံသယရှိ ဘာသာရေးခေါင်းဆောင်ကို ရှာဖွေရန် အိန္ဒိယအစိုးရ ညွှန်ကြား

လိင်ပိုင်းအနိုင်ကျင့်မှုသံသယရှိ ဘာသာရေးခေါင်းဆောင်ကို ရှာဖွေရန် အိန္ဒိယအစိုးရ ညွှန်ကြား

လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရပြီး မကြာသေးမီတွင် နိုင်ငံသစ်တစ်နိုင်ငံတည်ထောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် တရားခံပြေးဂုရုတစ်ပါးကို ရှာဖွေရန် ညွှန်ကြားချက်တစ်ခုကို အိန္ဒိယနယ်ခြားစောင့်တပ်နှင့် သံရုံးများက ထုတ်ပြန်ထားကြောင်း အိန္ဒိယအစိုးရက ဒီဇင်ဘာ ၇ ရက်တွင် ပြောဆိုခဲ့သည်။

မိမိကိုယ်မိမိ ဘုရားအဖြစ် ကြေညာထားသည့် ဆွာမိ နိဿယနန္ဒကို ကိုးကွယ်ယုံကြည်သူထောင်ပေါင်းများစွာရှိနေပြီး ၎င်းကို လိင်ပိ်ုင်းအနိုင်ကျင့်မှု၊ ကလေးငယ်များအား ပြန်ပေးဆွဲမှုများဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသည်။

ဝန်ကြီးအဖွဲ့၊ ရွှေရောင်နိုင်ငံကူးလက်မှတ်နှင့် အမိမြေလုံခြုံရေးဝန်ကြီးဌာနပင် ပါဝင်သည့် ကိုယ်ပိုင်နိုင်ငံတစ်နိ်ုင်ငံကိုတည်ထောင်ခဲ့ပြီးဖြစ်ကြောင်း ဂုရုက ယခုအပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ နိဿယနန္ဒ၏ နိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းခဲ့ပြီးဖြစ်ကာ အိန္ဒိယအစိုးရသည် ကမ္ဘာတစ်ဝန်းရှိ သံရုံးများသို့လည်း သတိပေးချက်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

နိဿယနန္ဒတည်ထောင်ထားသည့် နိုင်ငံသည် အီကွေဒေါကမ်းလွန်တွင်ရှိကြောင်း ပြောဆိုမှုများရှိနေသည်။ သို့သော် ဂုရုသည် အီကွေဒေါတွင် ရှိနေသည်ဟု မည်သည့်အချိန်ကမျှ မပြောခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ရာဗီးကူးမားကပြောဆိုခဲ့သည်။

အသက် ၄၁ နှစ်အရွယ် နိဿယနန္ဒက ၎င်း၏နိ်ုင်ငံသစ်ကို ကိုင်လာသဟု ခေါ်ဆိုထားပြီး နယ်စပ်မရှိသည့် ဟိန္ဒူဦးရေအများဆုံးနိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အိန္ဒိယမီဒီယာများက ယင်းနိုင်ငံသည် အီကွေဒေါကမ်းလွန်တွင်ရှိကြောင်း ဖော်ပြထားသော်လည်း ဂုရုကမူ စကြဝဠာထဲတွင် ရှိနေကြောင်း ယူကျုတွင် ဗီဒီယိုဖိုင်တင်ပြီး ထုတ်ပြန်ခဲ့သည်။

ကိုင်လာသာ နိုင်ငံ၏ဝက်ဘ်ဆိုက်တွင် အစိုးရဌာနခွဲများရှိနေပြီး အစားအစာအခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကာ အခြားနိုင်ငံများနှင့်ဆက်ဆံရန် ခိုင်မာသော သံတမန်ကွန်ရက်ရှိနေကြောင်း ဖော်ပြထားသည်။ နွားများ သက္ကတနှင့် တမီလ်ဘာသာ စကားပြောနိုင်အောင် စွမ်းအင်သုုံးကာ လုပ်ဆောင်မည်ဖြစ်ပြီး နေဝင်ချိန် မိနစ် ၄၀ နောက်ကျအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ဂုရုက ယခင်ကပြောဆိုခဲ့ဖူးသည်။

၂၀၁၀ ပြည့်နှစ်တွင် ဂုရုသည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအပါအဝင် လိင်ပိုင်းအရှုပ်တော်ပုံသံသယဖြင့် ၅၃ ရက်ကြာ ဖမ်းဆီးခံခဲ့ရသည်။ ဂုရုသည် ကလေးငယ်များကို တရားမဝင်ဖမ်းဆီးထားကြောင်း အိန္ဒိယနိုင်ငံအနောက်ပိ်ုင်း ဂူဂျာရတ်ပြည်နယ်၌ လွန်ခဲ့သောလတွင် အမှုဖွင့်မှုတစ်ခုရှိခဲ့သည်။