ကျွန်းငယ်ပေါင်း ၁၂၀ ကျော်ပေါ်တွင် တည်ဆောက်ထားသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗင်းနစ်မြို့ ပင်လယ်ရေလွှမ်းခံရခြင်းမှ ကာကွယ်ပေးမည့် ရေတားတံတိုင်း အရှင်များ တည်ဆောက်မှုကို အရှိန်မြှင့်လျက်ရှိပြီး အဓိက စမ်းသပ်မှုအဆင့်တစ်ရပ် အောင်မြင်ခဲ့ကြောင်း ဗင်းနစ် အာဏာပိ်ုင်များက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။
ပုံမှန်ထက် ၄၃ လက်မထိ ထူးကဲဒီရေတက်သည့်ဒဏ်မှ ဗင်းနစ်ကို ကာကွယ်ပေးရန် ပင်လယ်ရေဝင်ပေါက် သုံးပေါက်၌ ရေတားတံတိုင်းအရှင် ၇၈ ခုကို ချထားမည်ဖြစ်သည်။ မော့ဆက် ရေတံတိုင်းစီမံကိန်းသည် လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက စတင်ခဲ့ပြီး ဘတ်ဂျက် ယူရို ၁ ဒသမ ၈ ဘီလျံအသုံးပြုကာ ၂၀၁၁ ခုနှစ်ကတည်းက အပြီးသတ် တည်ဆောက်ရန် လျာထားခဲ့သော်လည်း အကျင့်ပျက်ခြစားမှု၊ မှန်းထားသည်ထက် ပိုကုန်ကျမှု၊ နှောင့်နှေးမှုများကြောင့် ယခုထိတိုင် လက်စမသတ်နိုင်သေးဘဲဖြစ်နေသည်။
ပြီးခဲ့သည့်လက ၅၃ နှစ်အတွင်း ဗင်းနစ်တွင် အဆိုးဝါးဆုံး ရေလွှမ်းခဲ့ပြီးနောက် မော့ဆက် ရေတံတိုင်းစီမံကိန်းကို ၂၀၂၁ ခုနှစ်၌ အပြီးသတ် တည်ဆောက်မည်ဟု အစိုးရက ကတိပြုခဲ့သည်။ ဗင်းနစ်သို့ ဝင်ပေါက်သုံးခုအနက် တစ်ခုဖြစ်သည့် မာလာမိုကို ဝင်ပေါက်တွင် ရေတားတံတိုင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရရှိကြောင်း တာဝန်ယူတည်ဆောက်နေသည့် New Venice Consortium လုပ်ငန်းက ပြောသည်။
၂၀၁၄ ခုနှစ်က အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများကြောင့် ရေတားတံတိုင်း ကန်ထရိုက်ကုမ္ပဏီ သုံးခုကို လုပ်ငန်းရပ်ဆိုင်းခဲ့သလို၊ လူ ၃၅ ဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက်ပိုင်း တံတိုင်းတည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာလျက်ရှိသည်။
ရေတားတံတိုင်းသည် တစ်ခုလျှင် မီတာ ၂၀ အလျားရှိသော ဂိတ်တံခါးအရှင်များ ပါဝင်ပြီး ဗင်းနစ်သို့ ဝင်ပေါက်သုံးခုဖြစ်သော မာလာမိုကို၊ ချီယိုဂျီယာနှင့် လီဒို လမ်းကြောင်းများအောက် ပင်လယ်ကြမ်းပြင်ရှိ ကွန်ကရစ်အောက်ခံတွင် ဂိတ်တံခါးများကို တွဲချိတ်ထားသည်။
ဒီရေတက်ချိန်တွင် ဂိတ်တံခါးများကို ရေပေါ်သို့ ဆွဲတင်ကာ ဗင်းနစ်သို့ ရေမဝင်စေရန် တားထားမည်ဖြစ်ပြီး ရေကျသွားလျှင် ဂိတ်တံခါးများကို ပင်လယ်ကြမ်းပြင်ရှိ ကွန်ကရစ်ခုံများသို့ ပြန်လှဲထားမည်ဖြစ်သည်။

















