မန်စီးတီးသည် ဒီဇင်ဘာ ၇ ရက် က အိမ်ကွင်းတွင် မန်ယူနှင့် မန်ချက် စတာဒါဘီပွဲ ကစားခဲ့ရာ ဘောလုံး ပိုင်ဆိုင်မှုအသာစီးရခဲ့သည့်အပြင် ဂိုးပေါက်ခြိမ်းခြောက်မှု ပိုများခဲ့သော် လည်း နှစ်ဂိုး တစ်ဂိုးဖြင့် အရှုံးပေးခဲ့ရ သည်။
မန်စီးတီးတိုက်စစ်တွင် ဂျီးဆပ်၊ စတာလင်းနှင့် ဘာနာဒိုဆေးလ်ဗားတို့ ပါဝင်ခဲ့ပြီး မန်ယူတိုက်စစ်ကို မာရှယ် ဦးဆောင်လာခဲ့သည်။ မန်ယူသည် အီတီဟက်တွင် မြန်နှုန်းမြှင့်ကစားခဲ့ ပြီး ပွဲချိန် ၂၃ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့်ဦးဆောင်ဂိုးရရှိခဲ့ရာ အင်္ဂလန် တိုက်စစ်မှူးရက်ဖို့ဒ်က သွင်းယူခဲ့သည်။
မန်ယူသည် ဦးဆောင်ဂိုးရရှိပြီး ခြောက်မိနစ်အကြာ၌ ဒုတိယဂိုးထပ် ရခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်၏ ဖန်တီးမှုမှ တစ်ဆင့်မာရှယ်က သွင်းယူခဲ့သည်။ မန်စီးတီးသည် တစ်ပွဲလုံးတွင် ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ ကြိမ်အထိရခဲ့သော် လည်းချေပဂိုးတစ်ဂိုးသာပြန်ရခဲ့သည်။ မန်စီးတီးအတွက် ချေပဂိုးကို အော့တာ မန်ဒီက ပွဲချိန် ၈၅ မိနစ်တွင်သွင်းယူ ခဲ့သည်။ မန်ယူသည် ၂ဝ၁၅ ခုနှစ် နောက်ပိုင်း အီတီဟက်တွင် ပရီးမီးယား လိဂ်နိုင်ပွဲပြန်ရခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယို လာက မန်ယူတိုက်စစ်ကစားသမား များဖြစ်သည့် ဒန်နီရယ်ဂျိမ်းစ်၊ မာရှယ် နှင့် ရက်ဖို့ဒ်တို့၏မြန်နှုန်းကို မထိန်းနိုင်ခဲ့ဟု ဝန်ခံခဲ့သည်။
ဂွာဒီယိုလာက ''ကျွန်တော့်အသင်းကစားပုံကို ပိုကြိုက် ပါတယ်။ ကျွန်တော်တို့ မန်ယူကိုနေရာ လွတ်တွေပေးခဲ့တယ်။ မနှစ်ကထက် သူတို့ကို နေရာလွတ်ပေးခဲ့မိတာပါ။ မန်ယူအသင်းရဲ့ ဒန်နီယယ်ဂျိမ်းစ်၊ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ရဲ့ မြန်နှုန်းကို ကျွန်တော်တို့သိပါတယ်။ တစ်ခါတလေ ကျရင် သူတို့ကိုထိန်းချုပ်နိုင်ဖို့က မဖြစ် နိုင်ပါဘူး''ဟု ပြောသည်။
နည်းပြဂွာဒီယိုလာသည် ၎င်း၏ နည်းပြဘဝတစ်လျှောက် အဆင့်မြင့် တန်း ၁၆ ပွဲကစားပြီးချိန် ၃၂ မှတ်သာ စုဆောင်းနိုင်ခဲ့ရာ ရမှတ်အနည်းဆုံး ဖြစ်နေသည်။
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံမန်စီးတီးသည် ပွဲစဉ်(၁၆) အပြီး၃၂ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေကာ ရှုံးပွဲလုံးဝမရှိသေး သော လီဗာပူးအသင်းနှင့် ၁၄ မှတ် ကွာဟနေသည်။















