သူလျှိုမှုများဖြင့် အီရန်တွင် သုံးနှစ်ချုပ်နှောင်ခံခဲ့ရသည့် အမေရိကန်ပညာရှင်တစ်ဦးသည် အီရန်နှင့် အမေရိကန်တို့ကြား အကျဉ်းသားဖလှယ်ရေးအစီအစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး အမေရိကန်ကလည်း အီရန်သိပ္ပံပညာရှင်တစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
ဆွစ်ဇာလန်ရှိ လေဆိပ်တစ်ခုတွင် အီရန်အစိုးရအရာရှိများသည် တရုတ်နွယ်ဖွား အမေရိကန်ပညာရှင် ရှီယူ ဝမ်ကို ပြန်လွှတ်ပေးခဲ့ပြီး အီရန်နိုင်ငံသား သိပ္ပံပညာရှင် မားဆိုး ဆိုလေမာနီကို ပြန်လည်လက်ခံခဲ့သည်။ ဆိုလေမာနီသည် ဇီဝဆိုင်ရာပစ္စည်းများကို အီရန်သို့ ပြန်လည်သယ်ယူရန် ကြိုးပမ်းခဲ့မှုဖြင့် ချုပ်နှောင်ခံခဲ့ရခြင်းဖြစ်သည်။
အီရန်အစိုးရသည် အမေရိကန်နိုင်ငံသားများစွာကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။ ဝမ်၏ လွတ်မြောက်မှုအတွက် ဝမ်းသာမိသော်လည်း ၎င်းတို့ချစ်ခင်သူများ မည်သည့်အတွက်ကြောင့် ပြန်မလွတ်သေးသည်ကို နားမလည်နိုင်ကြောင်း အမေရိကန်မိသားစုနှစ်စုက မေးခွန်းထုတ်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ် ဇာရစ်သည် ဇူးရစ်လေဆိပ်၌ ဆိုလေမာနီနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံကို တွစ်တာတွင်တင်ခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ဝမ်ပြန်လည်လွတ်မြောက်မှုအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ဆွစ်ဇာလန်နိုင်ငံကို ကျေးဇူးတင်ကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။
အီရန်ရှိ အမေရိကန်သံရုံးကို ၁၉၇၉ ခုနှစ်တွင် အီရန်ကျောင်းသားများက သိမ်းပိုက်ပြီး ဝန်ထမ်းများကို ဓားစာခံများအဖြစ် ၄၄၄ ရက်ကြာ ဖမ်းဆီးခဲ့ချိန်မှစ၍ အီရန်ရှိ အမေရိကန်အကျိုးစီးပွားအတွက် ဆွစ်ဇာလန်သံရုံးကသာ လုပ်ဆောင်ပေးနေရသည်။
ဆိုလေမာနီကို ဆွစ်ဇာလန်သို့ ပို့ဆောင်ပေးခဲ့သည့် အီရန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဘရိုင်ယန် ဟုခ်က ဝမ်နှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင်ဖော်ပြခဲ့သည်။ ဝမ်၏ဇနီး ဟွာကျုက မိသားစုပြန်လည်ပြည့်စုံသွားပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ဆိုလေမာနီသည် ဇာရစ်နှင့်အတူ တီဟီရန်ရှိ မာရာဘတ်လေဆိပ်သို့ရောက်ရှိခဲ့ပြီး ဇနီးနှင့် မိသားစုဝင်များက ကြိုဆိုခဲ့သည်။
ဝမ်သည် အီရန်နိုင်ငံတွင်းသို့ တရားမဝင်ထိုးဖောက်ဝင်ရောက်ပြီး လျှို့ဝှက်သတင်းများကို ပြည်ပသို့ပို့ဆောင်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။ ဝမ်သည် ၎င်း၏ ၁၉ နှင့် ၂၀ ရာစု ယူရေးရှားသမိုင်းဆိ်ုင်ရာ ပါရဂူဘွဲ့အတွက် အီရန်ကို တစ်ချိန်က အုပ်ချုပ်ခဲ့သည့် ကာဂျာမင်းဆက်နှင့်ပတ်သက်၍ သုတေသနပြုလုပ်နေချိန် ၂၀၁၆ ခုနှစ်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

















